Friday 29 March 2013

နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေများသော သင့်စားသောက်မှုကို ပြင်ဆင်ရအောင်

 by ပိုပိုဇော်(သဘာဝအားအင်) (Notes) on Friday, March 29, 2013 at 4:35pm

သင်ရဲ့ စားသောက်မှုပုံစံက နှလုံးရောဂါ ဖြစ်ပွားမှုကို ဦးတည်စေတယ်ဆိုတာ သင်သိပါရဲ့လား။ အောက်ပါအတိုင်း စားသောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို များစေပါတယ်။

(၁) အရောင်စုံ အသီးအရွက်များ မစားသုံးခြင်း

အရောင်စုံတဲ့ အသီးအရွက်တွေမှာ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေအပြင် ပိုတက်စီယမ်ကိုလည်း များစွာ ရရှိနိုင်ပါတယ်။ အသီးအရွက်တွေကနေ ရရှိတဲ့ ပိုတက်စီယမ်က ခန္ဓာကိုယ်တွင်း ဆိုဒီယမ်ကို ထိန်းညှိပေးပြီး သွေးဖိအားကို လျော့ကျစေပါတယ်။ အချဉ်ဓာတ်ရှိတဲ့ အသီးတွေ၊ ငှက်ပျောသီး၊ အာလူး၊ ခရမ်းချဉ်သီးနဲ့ ပဲအမျိုးမျိုးတွေကနေ ပိုတက်စီယမ်ကို များစွာ ရရှိနိုင်ပါတယ်။ ပန်းသီး၊ သစ်တော်သီး၊ သခွားသီးနဲ့ ဂေါ်ဖီထုပ်စတဲ့ အသီးအနှံ စားသုံးသူတွေက မစားသုံးသူတွေထက် လေဖြတ်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမိုများပါတယ်။

(၂) ကျန်းမာရေးနှင့် ညီညွတ်သော အဆီမစားသုံးခြင်း

ဟင်းသီးဟင်းရွက်က ရတဲ့အဆီက သင့်ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေထက် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ သံလွင်ဆီ၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီစတဲ့ ဟင်းသီးဟင်းရွက်ဆီတွေမှာ မိုနိုမပြည့်ဝဆီတွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေကာ ကောင်းတဲ့ ကိုလက်စထရောကို မြှင့်တင်ပေးတာကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပါတယ်။

(၃) နို့နှင့် နို့ထွက်ပစ္စည်းများ မစားသုံးခြင်း

အများစုက ကယ်လိုရီများများ ရမှာစိုးတာ၊ ကိုယ်အလေးချိန် လျှော့ချချင်တာတွေကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကို မစားဘဲ ရှောင်တတ်ကြပါတယ်။ အဆီနည်း ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်စတာတွေက ကယ်လိုရီနဲ့ အဆီပါဝင်မှု နည်းတာကြောင့် စားသုံးသင့်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေမှာပါ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေစားသုံးပါက နှလုံးရောဂါနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေ လျော့နည်းတာကို သုတေသနတွေမှာ တွေ့ရှိခဲ့ပါတယ်။ သွေးဆုံးပြီး အမျိုးသမီး ရှစ်သောင်းကျော်ကို လေ့လာခဲ့တဲ့ လတ်တလော လေ့လာမှုအရ နို့နဲ့နို့ထွက်ပစ္စည်း မစားသုံးသူတွေက နှလုံးရောဂါနဲ့ ဆီးချိုသွေးချို ရောဂါဖြစ်ပွားနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုများတာကို တွေ့ခဲ့ပါတယ်။

(၄) ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများ စားသုံးခြင်း

အသင့်စား အစားအစာတွေမှာ သကြားနဲ့ ဆားပါဝင်မှု များတာကြောင့် သွေးဖိအားကို မြင့်တက်စေတဲ့အပြင် သွေးတွင်းမှာ ထရွိုင်ဂလစ်စရိုက် အဆီတွေလည်း များလာစေပါတယ်။ အဆင်သင့် အစာတွေက အဆင့်ဆင့် ပြုပြင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေနဲ့ လုပ်ထားတာကြောင့် အစာကို စားပြီးရင်း စားချင်စိတ် ဖြစ်ပေါ်တာကြောင့် အစာပိုစားမိစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သရေစာစားမယ်ဆိုရင် အစေ့အဆန် စားပေးတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

(၅) အမျှင်ဓာတ် များများရအောင် စားသုံးမှုနည်းခြင်း

ပဲအမျိုးမျိုးကနေ ပရိုတင်းနဲ့ အမျှင်ဓာတ်ကို အဓိက ရရှိနိုင်ပါတယ်။ ပဲအမျိုးမျိုးက ရတဲ့အမျှင်ဓာတ်က ပျော်ဝင်တဲ့ အမျှင်ဓာတ်ဖြစ်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ပမာဏကို လျော့နည်းစေပါတယ်။ အုတ်ဂျုံနဲ့ ဘာလီတွေကနေလည်း ပျော်ဝင်တဲ့ အမျှင်ဓာတ်က ရရှိနိုင်ပြီး သွေးကြောအတွင်း တွယ်ကပ်နေတဲ့ အဆီတွေကို ပျော်ဝင်စေတာကြောင့် နှလုံးနဲ့ သွေးကြောရောဂါ ဖြစ်ပွားမှုမရှိအောင် ကာကွယ်နိုင်ပါတယ်။  

(၆) ဟင်းခတ် အမွှေးအကြိုင်များ မစားသုံးခြင်း

အမေရိကန် နှလုံးအဖွဲ့အစည်းက တစ်နေ့ကို ဆား ၁၅၀၀ မီလီဂရမ်ထက် ပိုမစားဖို့ တိုက်တွန်းထားပါတယ်။ အစားအသောက်တွေ ပြင်ဆင်ချက်ပြုတ်ရာမှာ ဆားအပြင် ဟင်းခတ် အမွှေးအကြိုင်တွေကိုပါ အစပ်အဟပ်တည့်အောင် တွဲဖက် ချက်ပြုတ်တာကြောင့် ဆားပေါ့နေပေမယ့် အမွှေးအကြိုင်တွေနဲ့ စားချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်ပါတယ်။  

(၇) အချိုရည်များ သောက်သုံးခြင်း

အားဖြည့် အချိုရည်တွေမှာ သကြားများစွာ ပါဝင်ပါတယ်။ အမျိုးသမီးတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်း (၁၀၀ ကယ်လိုရီ) နဲ့ အမျိုးသားတွေက တစ်နေ့ကို သကြား လက်ဖက်ရည်ဇွန်း ကိုးဇွန်း (၁၅၀ ကယ်လိုရီ) စားသုံးတတ်ကြပါတယ်။ အားဖြည့်အချိုရည် ၁၂ အောင်စမှာ သကြားလက်ဖက်ရည်ဇွန်း ရှစ်ဇွန်း (၁၃၀ ကယ်လိုရီ) ပါဝင်ပါတယ်။ သင်က သကြားစားသုံးတာ များပါက သွေးတွင်း ထရိုင်ဂလစ်စရိုက် အဆီပမာဏ များလာပါတယ်။ ဒီအဆီက သွေးကို ပြစ်ခဲစေတာကြောင့် နှလုံးနဲ့ သွေးကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

(၈) နံနက်စာတွင် ကော်ဖီတစ်ခွက် မပါဝင်ခြင်း

အများစုက ကော်ဖီသောက်တာက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ ကော်ဖီမှာက အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပြီး ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုတွေကို လျော့နည်းစေပါတယ်။ အထူးသဖြင့် နှလုံးရောဂါဖြစ်စေတဲ့ ရောင်ရမ်းမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။ ကော်ဖီသောက်တာက နှလုံးကျန်းမာရေးကို အထောက်အကူ ဖြစ်စေတာ မဟုတ်ပေမယ့် တစ်နေ့ကို ကော်ဖီတစ်ခွက်၊ ဒါမှမဟုတ် နှစ်ခွက်သောက်တာက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးပါတယ်။ ကော်ဖီသောက်တဲ့အခါ သကြားလျော့ထည့်ဖို့တော့ လိုပါတယ်။
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source>>> http://www.yatanarpon.com.mm/cp/goodhealth/article-78653

No comments:

Post a Comment