Saturday 9 March 2013

မြင်သူငေးလောက်စရာ ပိုးသားဆံနွယ်လေးများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, March 10, 2013 at 8:36am

“ညနေခင်းရဲ့လေပြေထဲမှာ မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ ပန်းပွင့်လေးတွေရှက်သွေးဖြာ ကျေးငှက်လေးတွေ တေးမဆိုတော့ပါ” တဲ့။ သီချင်းထဲက ကောင်မလေးဆံပင်ကတော့ သူ့ချစ်သူကလည်း အရမ်းချစ်သလို လူတိုင်းအားကျရတဲ့ ဆံပင်လေးတွေဖြစ်မှာပဲနော်။ ယောက်ျားလေးတွေအတွက်ဖြစ်ဖြစ်၊
ရင်နှင်းတို့မိန်းကလေးတွေအတွက်ဖြစ်ဖြစ်၊ ဆံပင်တိုတို ရှည်ရှည် လူတိုင်းအတွက် ဆံပင်ရဲ့အလှဟာ အရမ်းကိုအရေးပါတာပေါ့။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုဂရုစိုက်ရဲ့လား၊ သပ်သပ်ရပ်ရပ်နေတတ်ရဲ့လားဆိုတာ ဆံပင်လေးတွေက ပြောပြနေတယ်လေ။
လူ ၂ ယောက်ကို ယှဉ်တွေးကြည့်နော်။ ဆံပင်လေးတွေကြည့်ရတာ နူးညံ့ပြီး သပ်သပ်ရပ်ရပ်ရှိတဲ့သူဆိုရင် မြင်ထဲက အင်ပရက်ရှင်တက်သွားပြီ။ ရှုပ်ထွေးကြမ်းတမ်းနေတဲ့ဆံပင်တွေကိုတွေ့ရင်တော့ နှာခေါင်းရှုံ့မိကြမှာ လူတိုင်းပဲနော်။ အဲဒီလို မဖြစ်ဖို့ဆိုရင် ဆံပင်လေးတွေ နူးညံ့ပျော့ပျောင်းနေမှ ဖီးရလွယ်ပြီး သပ်သပ်ရပ်ရပ် စမတ်ကျကျ အရမ်းလှနေမှာလေ။ အဲဒီတော့ ဆံပင်လေးတွေ အမြဲနူးညံ့ပျော့ပျောင်းနေအောင် ဂရုစိုက်ရမှာပေါ့။

ပိုးသားလို နူးညံ့ပျော့ပျောင်းတောက်ပြောင်တဲ့ ဆံကေသာကို လူတိုင်းပိုင်ဆိုင်ချင်ကြပါတယ်။ ဆံကေသာလှဖို့ဆိုရင် ဆံနွယ်လေးတွေ ပျော့ပျောင်းနေဖို့ လိုတယ်နော်။ ဆံပင်ပျော့ဆေးတွေ သုံးလို့တော့ ရတာပေါ့နော့။ ဒါပေမယ့် ဓာတုဗေဓနည်းတွေနဲ့ လုပ်ထားတာလေနော်။ သဘာဝပစ္စည်းတွေက ပိုအန္တရာယ်ကင်းပြီး ပိုကောင်းတာပေါ့။ အဲဒီတော့ အိမ်မှာရှိတဲ့ပစ္စည်းတွေကို အပြည့်အ၀အသုံးချရအောင်..။ သင်လုပ်ရမှာက မီးဖိုချောင်ထဲသွားပြီး လိုတဲ့ပစ္စည်းတွေရှာပြီး လုပ်ရုံပဲ။ မေမေဆူလိမ့်မယ်တော့ မပြောနဲ့နော်။ မေမေ့ဆံပင်လေးတွေကိုပါ လုပ်ပေးလိုက်။ မုန့်ဖိုးတောင် ရဦးမှာနော်။ :P ကဲ.. မုန့်ဖိုးတောင်းနိုင်တဲ့နည်း အဲလေ.. ဆံပင်ကို ပိုးသားလေးလို ပျော့ပျောင်းအောင် လုပ်နိုင်တဲ့နည်းလမ်းလေးတွေကို ရင်နှင်း ပြောပြမယ်နော်.. :D

ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး
"""""""""""""""""""""""""""""""""""
- ပိုးသားဆံနွယ်လေးဖြစ်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းအထက်ဆုံးအရာပဲနော်။

- ရှောက်သီး၊ သံပုရာသီး၊ သံပရိုသီး တစ်မျိုးမျိုးရဲ့အရည် လ္ဘက်ရည်တစ်ဖန်ခွက်စာနဲ့ ရောတစ်ခွက်ကို ရောလိုက်ပါ။

- ပြီးတော့ ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချပြီး ၅ မိနစ်ကြာတဲ့အခါ ရေဆေးချလိုက်ရုံပဲ။

- အရမ်းလွယ်တယ်ဆိုပြီး အထင်မသေးလိုက်နဲ့နော်။

- ဒီအသီးလေးတွေဟာ ဆံပင်တွေကို ပျော့ပျောင်းစေရုံသာမကဘူး ဗောက်တွေကိုလည်း ပျောက်ကင်းစေတယ်လေ။

- တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲပေါ့။ ဘယ်လောက်ကောင်းလဲနော်။

လက်ဖက်ခြောက်မှုန့်
""""""""""""""""""""""
- လက်ဖက်ခြောက်အမှုန့် ၁ ဇွန်းကို ရေလေးခွက်နဲ့ရောပြီး ဆူအောင်တည်လိုက်ပါ။

- ပြီးရင် အအေးခံလိုက်ပါ။

- အေးသွားရင် သောက်ရမှာ မဟုတ်ဘူးနော်.. :D

- ခေါင်းလျှော်ပြီးတော့ ဆံပင်ပေါ်ကို ဖြည်းဖြည်းလောင်းချရမှာပါ။

- ၅ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ ပြန်ဆေးချလိုက်နော်။

- လက်ဖက်ရဲ့အစွမ်းနဲ့ အရမ်းကို လှပနူးညံ့နေတဲ့ ဆံပင်လေးတွေကို တွေ့ရမှာပါ။

အုန်းဆီ
"""""""''
- အုန်းဆီဟာ ဆံပင်နဲ့ပတ်သက်လာရင် ဟိုးရှေးရှေးတုန်းထဲက ခုထိ ဘုရင်တစ်ဆူပဲနော်။

- ခေါင်းမလျှော်ခင် နာရီဝက်အလိုမှာ အုန်းဆီကို ရွှဲရွှဲလေးလိမ်းပါ။

- ပြီးတော့ ဦးရေပြားကို လက်ချောင်းထိပ်လေးတွေနဲ့ သေချာနှိပ်နယ်ပေးပါ။

- နာရီဝက်ကြာရင်တော့ သေချာလေးခေါင်းလျှော်လိုက်နော်။

- အုန်းဆီဟာ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတယ်။ နက်မှောင်တောက်ပြောင်ပြီး သန်စွမ်းကျန်းမာစေတယ်။ ဘာလိုသေးလဲနော်။
 
သံလွင်ဆီ
"""""""""""
နည်းလမ်း (၁)
---------------
- သင့်ဆံပင်က အရမ်းကိုပျက်စီးပြီး ရှုပ်ထွေးကြမ်းတမ်းနေလား။

- အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေး လ္ဘက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားကနေ ဆံပင်အဖျားတွေအထိ နှံ့စပ်အောင်လိမ်းပြီး သေချာနှိပ်နယ်ပေးပါ။

- ပြီးရင် ပလတ်စတစ်ခေါင်းစွပ်လေးစွပ်၊ တဘက်နွေးနွေးလေးနဲ့ ခေါင်းကို ပတ်ပြီး နာရီဝက်ထားပေးနော်။

- သံလွင်ဆီတွေ ဆံပင်သားထဲကို စိမ့်ဝင်ပြီး ပျက်စီးနေတဲ့ဆံပင်သားတွေကို ပြန်လည်ပြုပြင်နိုင်ဖို့ အတွက်ပါ။

- အချိန်ပြည့်ရင် ခေါင်းလျှော်ရည် အပျော့စားလေးနဲ့လျှော်ပြီး ရေအေးလေးနဲ့ ဆေးချလိုက်နော်။

- သံလွင်ဆီရဲ့အစွမ်းက အံ့မခမ်းပါပဲလားဆိုတာ တွေ့ရပါလိမ့်မယ်။
 
နည်းလမ်း (၂)
---------------

- သံလွင်ဆီက နောက်တစ်မျိုးအစွမ်းပြပါအုံးမယ်။

- သံလွင်ဆီ လ္ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ကြက်ဥနှစ်ကို ရောမွှေပါ။

- ဆံပင်အနှံ့ကို သုတ်လိမ်းပေးပြီး ခဏနေရင် ပုံမှန်အတိုင်း ခေါင်းလျှော်လိုက်နော်။

- ရလဒ်ကိုအရမ်းကြိုက်သွားပြီး ခေါင်းလျှော်တိုင်းတော့ မလုပ်လိုက်ပါနဲ့။

- တစ်ပတ်မှာ တစ်ခါထက် ပိုမလုပ်ရဘူးနော်။

နည်းလမ်း (၃)
---------------

- သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်ဥနှစ် ၁ လုံးကို သေချာရောမွှေပါ။

- ပြီးတော့ တစ်ခေါင်းလုံးနှံ့စပ်အောင် လိမ်းပေးနော်။

- ပလတ်စတစ်ခေါင်းစွပ်လေး စွပ်ပြီး နာရီဝက်ထားပေးပါ။

- ပြီးတော့ ရေသေချာဆေးချပြီး ခေါင်းလျှော်လိုက်ပါ။

- အရမ်းကို နူးညံ့လှပနေတဲ့ သင့်ဆံပင်လေးတွေကြောင့် အရမ်းကို စိတ်ချမ်းသာရမှာပါ။

- ဆံပင်ပျော့စေတဲ့နည်းတွေ ပြောလာလိုက်တာ သံလွင်ဆီကြော်ငြာဖြစ်တော့မှာပဲ။ :P

- ဒါပေမယ့် တကယ်အစွမ်းထက်လို့ လုပ်ကြည့်နော်။
 
ကြက်ဥ
""""""""
- သံလွင်ဆီမှာတုန်းက ပြောခဲ့တဲ့နည်းနဲ့ နဲနဲတော့ဆင်ပါတယ်။

- ဒါပေမယ့် တူသလိုလိုနဲ့ မတူတာမို့ စမ်းကြည့်ပါအုံးနော်။

- ကြက်ဥနှစ်တစ်လုံးကို အရောင်ဖျော့ပြီး အမြှပ်တွေထလာတဲ့အထိ ခေါက်ပါ။

- ပြီးတော့ သံလွင်ဆီ လ္ဘက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ထပ်မွှေပါ။

- ရေ လ္ဘက်ရည်ခွက်ရဲ့ ၄ ပုံ ၃ ပုံကို ထပ်ထည့်ပြီး ထပ်မွှေလိုက်ပါအုံးနော်။

- ခေါင်းလျှော်ပြီးချိန်မှာ ဒီပျော့ဆေးလေးကို တစ်ခေါင်းလုံးကိုလိမ်းပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေသေချာဆေးချလိုက်ပါ။

- ကြက်ဥကလည်း ဆံပင်အတွက် အားကိုးရကြောင်း သိသွားပါလိမ့်မယ်နော်။

ကဲ.. လေမှာ ၀ဲလွင့်လို့ ကဗျာဆန်ဆန်လှပတဲ့ ဆံကေသာလေးတွေ ပိုင်ဆိုင်နိုင်ဖို့ နည်းကောင်းလေးတွေတော့ ရင်နှင်း ပေးပြီးပြီနော်။ လိုက်လုပ်ဖို့ပဲ လိုတော့တယ်။ ယောက်ျားလေးတွေကလည်း ငါ့ဆံပင်တိုတိုလေး လုပ်စရာမလိုဘူးမထင်နဲ့နော်။ နူးညံ့ပျော့ပျောင်းနေတဲ့ ဆံပင်လေးတွေနဲ့ဆိုရင် ပိုသပ်ရပ်ပြီး ပိုကြည့်ကောင်းလာမှာပဲလေ။ အဲဒီတော့ ကိုယ်ကိုယ်တိုင်လည်းလုပ်ကြည့်ရင်း ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေကိုလည်း လက်ဆောင်ပေးရင် ကိုယ်ကိုယ်တိုင်လည်းလှ သူများတွေလည်းလှတော့ ကုသိုလ်တွေလည်းအများကြီးရမှာမို့ ဆံပင်ကို နူးညံ့ပျော့ပျောင်းစေတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို သေချာမှတ်ထားလိုက်နော်။

♥♥ ရင်နှင်းငယ်♥♥
credit>>>-Myanmar Sky Link

No comments:

Post a Comment