Tuesday 12 February 2013

အသံမပြုသော အမျိုးသမီး ရောဂါများ ( သတိမထားလို့  ဖြစ်ကြရရာဝယ် )

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, February 12, 2013 at 10:03am ·

မြန်မာအမျိုးသမီးတွေဟာ အရှက်အကြောက်ကြီးသူများပီပီ မိမိခံစားနေရတဲ့ ရောဂါဝေဒနာကို ဆရာဝန်ထံမှာ ပြသရမှာ အင်မတန် ဝန်လေးတတ်ကြပါတယ်။ ဘာမှမပြောပလောက်တဲ့ ဝေဒနာဟာ ထုတ်ဖော်ပြောရမှာ ရှက်ကြတဲ့အတွက် ကြီးကျယ်တဲ့ရောဂါအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

အမှန်စင်စစ် ဒီဝေဒနာတွေဟာ လွယ်လွယ်နဲ့ ပျောက်ကင်းနိုင်တဲ့ သာမန်ဝေဒနာတွေသာ ဖြစ်ပါတယ်။
ဝေဒနာကို စောစောစီးစီး ကုသမှု ခံယူရမှန်းမသိတဲ့အတွက် အပ်နဲ့ထွင်းရမယ့်ကိစ္စမှာ ပုဆိန်နဲ့ ထွင်းရတဲ့အခြေအနေ ဖြစ်သွားတတ်ပါတယ်။

အဲဒီလို ဖြစ်သွားနိုင်တဲ့ ဝေဒနာတွေဟာ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ဝေဒနာတွေဖြစ်ကြောင်း ဆက်လက်ဖတ်ရှုရင် သိလာပါလိမ့်မယ်။
နံပါတ်တစ် နေရာယူထားတဲ့ အမျိုးသမီးတွေ အများဆုံး ဖြစ်လေ့ရှိတဲ့ ဝေဒနာဟာ အဖြူဆင်း အညောင်းကျတဲ့ ဝေဒနာပါ။ တစ်ချိန်မဟုတ် တစ်ချိန်မှာ အမျိုးသမီးတိုင်းလိုလို ခံစားရတတ်ပါတယ်။

သာမန်ဇီဝဖြစ်စဉ်မှာ ဆင်းလေ့ရှိတဲ့ အဖြူဆင်းခြင်းဝေဒနာဟာ မီးယပ်ပေါ်ပြီးစအချိန်နဲ့ မျိုးဥလွှတ်ချိန် (မီးယပ်ပေါ်ပြီး ရက်သတ္တ နှစ်ပတ်အကြာ)တွေမှာ ဖြစ်လေ့ရှိပါတယ်။

အညောင်းထိုင်လွန်းရင် ဖြစ်စေ၊ အားနည်းရင်ဖြစ်စေ အဖြူဆင်းလာတတ်ပါသေးတယ်။ ဒီအချိန်မှာတော့ အနာသိ ဆေးရှိ-ဆိုသလို အဖြူဆင်းရတဲ့ အကြောင်းရင်းကို ကုလိုက်ရင် ဝေဒနာပျောက်ကင်းနိုင်ပါတယ်။
မှက္ခရုကြောင့်ဖြစ်တဲ့ မိန်းမကိုယ် အတွင်းပိုင်း ရောင်ရမ်းလို့ဖြစ်ရတဲ့ အဖြူဆင်းဝေဒနာကတော့ နာကျင်ခြင်းနဲ့အတူ ယားယံခြင်းကိုပါ တစ်ပြိုင်နက် ခံစားရလို့ တော်တော် ကသိကအောက် ဖြစ်တဲ့ ဝေဒနာလို့ ဆိုနိုင်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့---

* အတွင်းခံဘောင်းဘီ နိုင်လွန်ထည်များ ကြာကြာဝတ်လေ့ရှိခြင်း။
* ခန္ဓာကိုယ်တွင်း လှည့်ပတ်နေသော “မ”ဟော်မုန်းဓာတ် များလာခြင်း။
(ဥပမာ-ကိုယ်ဝန်ဆောင်ချိန်နှ
င့် ပဋိသန္ဓေ တားဆေး သုံးသူများ)
* လက်သည်းဖြင့် ကုတ်ခြစ်မိရာမှ ကွဲရှသွားသော အရေပြားမျိုး ဖြစ်ခြင်း။
* သွေးထဲတွင် သကြားဓာတ် များနေခြင်း။ (ဥပမာ-ဆီးချို ရောဂါရှင်များ)
* ပဋိဆေးဝါးများ ကြာရှည်သုံးစွဲခြင်း။
* တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းခြင်း။
* အဝလွန်ခြင်းတို့ ဖြစ်ပါတယ်။
ရောဂါဖြစ်ရတဲ့ အကြောင်းရင်းကို ရှာပြီး ရောဂါကာကွယ်ရာမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးဟာ အရေးကြီးဆုံး အကြောင်းတရပ် ဖြစ်ပါတယ်။

ချည်ထည်နဲ့ ပြုလုပ်ထားတဲ့ အတွင်းခံသုံးခြင်းဟာလည်း နိုင်လွန်ထည်ကို သုံးခြင်းထက်
ရောဂါအဖြစ်နှုန်း လျော့နည်းစေပါတယ်။
ရောဂါစဖြစ်ဖြစ်ချင်း ကျွမ်းကျင်သူ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသရင် အမြန်ဆုံး ပျောက်နိုင်ပါတယ်။

ဒုတိယအဖြစ်အများဆုံး ဝေဒနာကတော့ ဆီးအိမ်ရောင်ရမ်းခြင်း ဖြစ်ပြီး တစ်နှစ်မှာ အမျိုးသမီးငါးဦးမှာ တစ်ဦး ဖြစ်လေ့ရှိကြောင်း သိရပါတယ်။
အမျိုးသားတွေမှာလည်း ဒီရောဂါမျိုး ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာဖြစ်တဲ့ နှုန်းလောက် မများလှပါဘူး။ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်း ဖွဲ့စည်းပုံဟာ အမျိုးသားတွေထက် တိုလွန်းတာဟာ ရောဂါအဖြစ်နှုန်း များရခြင်းပါပဲ။

ရောဂါရဲ့ လက္ခဏာမှာ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးမကြာခဏ သွားချင်ခြင်း၊ ဆီးသွား၍ မဝခြင်းတို့ ဖြစ်ပြီး တချို့ ဆီးထဲမှာ သွေးပါလာတဲ့အထိ ဝေဒနာပြင်းထန်နိုင်ပါတယ်။
ဒီရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဆီးသွားချင်လျက်နဲ့ အောင့်မထားဖို့ရယ်၊ အပူအစပ်နဲ့ အရက်တို့ကို ရှောင်ကြဉ်ဖို့ရယ်၊ ရေများများ သောက်ပေးဖို့ရယ်ပါပဲ။

အမျိုးသမီးတွေမှာ တတိယအများဆုံး ခံစားရလေ့ရှိတဲ့ ရောဂါတမျိုးကတော့ အကြောပြတ်ဆဲ့ ဝေဒနာဖြစ်ပါတယ်။
အရွယ်ရောက်လာတာနဲ့အမျှ ကြီးထွားလာတဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ပေးဖို့ အပေါ်ယံ အရေပြားဟာ လိုသလို ဆန့်ပေးရပါတယ်။
သဘာဝအလျောက် ဒီလိုမှမလုပ်ပေးနိုင်ရင် လူခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အရေပြားလွှာအောက်မှာ ပါဝင်တဲ့ ကျုံ့ဆန့်နိုင်တဲ့ အမျှင် (Elastic fibre)တွေက လုပ်ဆောင်ပေးပါတယ်။

အကယ်၍ ခန္ဓာကိုယ်ဟာ ချက်ချင်း ဝဖြိုးလာမယ်ဆိုရင် အရေပြားလွှာက လိုသလို ဆန့်ပေးနိုင်ဖို့ဟာ တိုတောင်းလှတဲ့အချိန်အတွင်း
မှာ မဖြစ်နိုင်ပါဘူး။
အဲဒီအခါ Stretch mark လို့ခေါ်တဲ့ အကြောပြတ်ရာတွေ ဖြစ်လာပါတယ်။
ယေဘုယျအားဖြင့် ဆိုရင် အရေပြားဆန့်ထုတ်တာ ပြင်းလွန်းတဲ့အခါ တင်းလွန်းတော့ ပြတ်-ဆိုတဲ့ စကားလို အရေပြားလွှာမှာရှိတဲ့ (Elastic fibre)တွေ လုံးဝပျက်စီးသွားနိုင်ပါတယ်။

တချို့က Strech mark ဟာ ဟိုမုန်းဓာတ်ပြောင်းလဲမှုကြေ
ာင့်ဖြစ်ရတာလို့ ဆိုပါတယ်။ တချို့ ဟိုမုန်းဓာတ်တွေဟာ အရေပြားလွှာမှာရှိတဲ့ Elastic fibre တွေကို ပျော့တွဲပျက်စီးစေပါတယ်။
သားရေမျှော့ကြိုးလိုပါပဲ။ ပျော့ပြီး အားနည်းလာတဲ့အခါ ဆန့်ထုတ်ခြင်း ကျုံ့ခြင်းတွေ မလုပ်နိုင်တော့ပါဘူး။
အကြောပြတ်တာဟာ ပထမအပြာရောင် သို့မဟုတ်-ပန်းရောင် ဖြစ်သွားပြီး နောက်ဆုံးမှာ ဖြူလာပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ပိုအဖြစ်များပြီး အများဆုံး ဖြစ်လေ့ရှိတဲ့ နေရာတွေကတော့ ဝမ်းဗိုက်သား၊ ပေါင်တွင်းသားတွေမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ဝမ်းဗိုက်ပြင်က အကြောတွေပြတ်တာ အများဆုံး တွေ့ရပါတယ်။ မိမိကိုယ်ကို ဝမလာအောင် ထိန်းသိမ်းနိုင်ရင် အကြောပြတ်ခြင်းက ကင်းဝေးပါလိမ့်မယ်။
အသားအရေ စိုပြည်စေတဲ့ ကရင်မ် လိမ်းဆေးတွေကလည်း အကြောပြတ်ခြင်းကို တနစ် သက်သာရာရစေပါတယ်။

စတုတ္ထဝေဒနာဟာ အမျိုးသမီးတွေ ဓမ္မတာနဲ့ ပတ်သက်နေပါတယ်။ ဓမ္မတာ ထိမ်ခြင်း၊ မမှန်ခြင်း၊ များခြင်း၊ ဓမ္မတာ လာနေစဉ် ကိုက်ခဲနေခြင်း စသဖြင့် ဓမ္မတာနဲ့ဆိုင်တဲ့ ဝေဒနာအနည်းနဲ့အများ ခံစားရတတ်ကြပါတယ်။
အပျိုဘော် မဝင်မီအချိန် သွေးဆုံးပြီးချိန်နဲ့ ကိုယ်ဝန်ဆောင်စဉ်မှာ ဓမ္မတာထိမ်ခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်သာ
ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ သားဖွားပြီး သုံးလတန်သည် တစ်နှစ်တန်သည် ဓမ္မတာမပေါ်ခြင်းဟာလည်း သာမန်ဖြစ်စဉ်တခုပါပဲ။

ပဋိသန္ဓေတားဆေး သုံးနေတဲ့ အမျိုးသမီးတွေမှာလည်း မီးယပ်ထိမ်တတ်ပါတယ်။ စိတ်ပူပန်မှု များတဲ့အခါ အစားအသောက် လျှော့ပြီး diet လုပ်နေတဲ့အခါတွေမှာလည်း ဓမ္မတာ မလာတတ်ပါဘူး။
အမျိုးသမီးတစ်ဦးဟာ လစဉ် ၈၀-စီစီ ပမာဏရှိတဲ့သွေး ဆင်းလေ့ရှိတယ်။ လစဉ်သုံးအဝတ်စ ၁၂-ခုခန့် သာမန်အားဖြင့် သုံးရလေ့ရှိပါတယ်။ ဒါထက် ပိုရင်တော့ ဓမ္မတာများတယ်လို့ ဆိုနိုင်ပါတယ်။

ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်စေ၊ သားအိမ်ရောင်ခြင်း၊ သားအိမ်တွင် အလုံးထည်ခြင်းကြောင့် ဖြစ်စေ သားအိမ်တွင်းသို့ ပဋိသန္ဓေတား ကိရိယာ ထည့်ထားခြင်းတို့ကြောင့် ဖြစ်စေ ဓမ္မတာဆင်းတာ များတတ်ပါတယ်။ သွေးဆင်းများရင် သွေးအားနည်း ရောဂါဟာလည်း နောက်ဆက်တွဲ ဝေဒနာအနေနဲ့ လိုက်လာတတ်ပါတယ်။

ဒါကြောင့် အကြောင်းရင်းအမျိုးမျိုးရှိ
တဲ့အနက်က သွေးဆင်းများရတဲ့ အကြောင်းရင်းကို ရှာဖွေပြီးမှ ကုသရင် ထိရောက်စွာ ပျောက်ကင်းနိုင်ပြီး ဝေဒနာကို ရေရှည်ခံစားရမှာ မဟုတ်တော့ပါဘူး။
ဓမ္မတာမမှန်ခြင်းဟာလည်း ဓမ္မတာများခြင်းနဲ့ အလားတူ အကြောင်းရင်းခံတွေကြောင့် ဖြစ်တတ်ပါတယ်။

ဓမ္မတာမမှန်တဲ့အတွက် မျိုးဥလွှတ်ခြင်းလည်း မမှန်တတ်ပါဘူး။ ဒီလို အမျိုးသမီးတွေမှာ သားသမီးရနိုင်ဖို့ ခဲယဉ်းပါတယ်။
သားဖွားပြီးချိန်နဲ့ သွေးဆုံးကာစ အချိန်တွေမှာ အများအားဖြင့် သွေးဆင်းမမှန်တတ်ကြပါဘူး။

ဓမ္မတာဆိုတဲ့ သဘာဝရာသီပန်း မှန်မှန်ပွင့်အောင် အကြောင်းရင်းဇစ်မြစ်ကိုရှာေ
ဖွပြီး ကုသနိုင်ဖို့ ကျွမ်းကျင်တဲ့ သမားတော်တွေနဲ့ ပြသပြီး ကုသမှုခံယူပါ။
အမျိုးသမီးတစ်ချို့ဟာ ဓမ္မတာလာစဉ်မှာ ကိုက်ခဲတတ်ကြပါတယ်။ အပျိုဘော်ဝင်ပြီး ၁-နှစ် ၂-နှစ် ဒါမှမဟုတ် ၁၀-နှစ် ၁၅-နှစ်ကြာမှ ဒီဝေဒနာကို ခံစားရတတ်ကြပါတယ်။

အပျိုဘော်ဝင်ပြီး ၁-နှစ် ၂-နှစ်မှာ နာကျင်ကိုက်ခဲခြင်းဟာ မျိုးဥလွှတ်ချိန် သားအိမ် ကျုံ့ပေးရတဲ့အခါမှာ ဖြစ်ပေါ်တဲ့ဝေဒနာပါ။
မီးယပ်မဆင်းမီ နာရီပိုင်းအတွင်းမှာ ဝမ်းဗိုက်အောင့်ပြီး နာလာတတ်ပါတယ်။ ရာသီပေါ်စ ပထမ ၁-ရက် ၂-ရက်ပဲနာပြီး ပျောက်သွားလေ့ရှိပါတယ်။

ကြိုတင်ပြီး အကိုက်အခဲပျောက်ဆေး သောက်ပေးရင် သက်သာနိုင်ပါတယ်။ တချို့ကတော့ ဟော်မုန်းဆေးတွေ သောက်မှ ပျောက်ပါတယ်။ အပျိုဘော်ဝင်ပြီး ၁၀-နှစ် ၁၅-နှစ်ကြာမှဖြစ်တဲ့ ကိုက်ခဲတဲ့ ဝေဒနာကတော့ သားအိမ်ရောင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားအိမ် အလုံးတည်ခြင်းတို့ကြောင့် ဖြစ်တတ်တာမို့ ကျွမ်းကြင်သူများနဲ့ အမြန်ဆုံး တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။

ဖော်ပြခဲ့တဲ့ ဝေဒနာတွေအကြောင်း တစေ့တစောင်း လေ့လာကြည့်ပြီးပြီဆိုရင် မိမိကိုယ်ကို အမျိုးသမီးနဲ့ ပတ်သက်တဲ့ ရောဂါဝေဒနာတွေ ကင်းဝေးအောင် ဆင်ခြင်ကြံဆပြီး နေထိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါ
တယ်။
ဖြူဖြူဝင်း (ဆေး-သု)

Ref:Mg Mandalay စာကြည့်ခန်း

No comments:

Post a Comment