Wednesday 9 October 2013

ကိုယ်တွင်း ဟော်မုန်းဓာတ်များ ဟန်ချက်ညီမျှစေရန်

by ပိုပိုဇော်(သဘာဝအားအင်)October 10, 2013 at 11:38am

ကျန်းမာရေးအတွက် ဟော်မုန်းတွေရဲ့ သက်ရောက်မှုက အင်မတန် ကြီးမားပါတယ်။ ဟော်မုန်းတွေရဲ့ အစွမ်းကြောင့် စိတ်ခံစားမှု၊ ကိုယ်အလေးချိန်၊ အူမကြီးကျန်းမာရေး စတာတွေအပေါ် သက်ရောက်မှု ရှိနေသလို ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာစတဲ့ ကိစ္စတွေကလည်း ဟော်မုန်းတွေနဲ့ ဆက်စပ်နေပါတယ်။ သင့်ကိုယ်တွင်းမှာ ဟော်မုန်းဓာတ်တွေ ဟန်ချက် မညီမျှတာကြောင့် နုံးချည့်ညောင်းညာတာ၊ အရေပြားပြဿနာ၊ ကိုယ်အလေးချိန် တက်တာ၊ ဗိုက်ပူတာ၊ အိပ်မပျော်တာ၊ အမြဲလိုလို အိပ်ချင်နေတာ၊ ရာသီအကြိုဝေဒနာ၊ မျိုးအောင်နိုင်စွမ်းမရှိတာ စတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

ဟော်မုန်းဆိုသည်မှာ ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ရဲ့ သတင်းအချက်အလက် ပို့ပေးတဲ့ ဓာတ်တွေပဲ ဖြစ်ပါတယ်။ ဟော်မုန်းတွေက သွေးကြောထဲကနေ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို သွားပါတယ်။ သူတို့က ဖြည်းဖြည်းချင်း အလုပ်လုပ်ကြပြီး ကိုယ်ခန္ဓာဖြစ်စဉ် အများစုပေါ်မှာ သက်ရောက်မှု ရှိကြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှု၊ ဇီဝရုပ်ဖြစ်ပျက်မှု (သင်စားလိုက်တဲ့ အစာကနေ စွမ်းအင်ကို ခန္ဓာကိုယ်မှ ရယူတဲ့ဖြစ်စဉ်)၊ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာ၊ မျိုးဆက်ပွားများမှုနဲ့ စိတ်ခံစားမှု စတာတွေပေါ်မှာ ဟော်မုန်းတွေရဲ့ သက်ရောက်မှု ရှိပါတယ်။ အင်ဒိုခရိုင်းဂလင်းတွေက ဟော်မုန်းတွေကို ထုတ်ပေးပါတယ်။

အဓိက အင်ဒိုခရိုင်းဂလင်းတွေက ပစ်ကျူထရီ၊ ပိုင်နီရယ်၊ သိုင်းမတ်စ်၊ သိုင်းရွိုက်၊ အဒရီနယဂလင်းနဲ့ ပန်ကရိယတို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဝှေးစေ့ကနေ ဟော်မုန်းထုတ်ပြီး အမျိုးသမီးတွေမှာ မမျိုးဥကနေ ဟော်မုန်းထုတ်ပါတယ်။ ဒီဟော်မုန်းဓာတ်တွေ ဟန်ချက်ညီညီ ထုတ်နိုင်ဖို့နဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်စွမ်းက အကောင်းဆုံး ဖြစ်နေစေဖို့ အောက်ပါ အခြေခံအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အိုမီဂါ ၆ ပိုလီမပြည့်ဝဆီများသော အစာကို ရှောင်ပါ လူ့ခန္ဓာကိုယ်မှာ ပြည့်ဝဆီနဲ့ မိုနိုမပြည့်ဝဆီ ၉၇ ရာခိုင်နှုန်းနဲ့ ပိုလီမပြည့်ဝဆီ ၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သုံးရာခိုင်နှုန်းခွဲလောက်က အိုမီဂါ ၃ အဆီပါ။ ဟင်းသီးဟင်းရွက်အဆီမှာ ပိုလီမပြည့်ဝဆီ ပါဝင်မှု အလွန်များပါတယ်။ ခန္ဓာကိုယ်က ဆဲလ်နဲ့ ဟော်မုန်းတွေ တည်ဆောက်ဖို့အတွက် အဆီကို လိုအပ်ပါတယ်။ ဒါပေမဲ့ ပိုလီမပြည့်ဝဆီက မတည်ငြိမ် ဖြစ်မှုများပြီး ခန္ဓာကိုယ်ထဲမှာ မြန်မြန် ပြိုကွဲလွယ်ပါတယ်။ အဲဒီအခါ ဆဲလ်တွေကို ရောင်ရမ်းမှုနဲ့ Mutation ဝင်မှု လွယ်လာပါတယ်။ သွေးလွှတ်ကြောဆဲလ်တေမှာ ရောင်ရမ်းမှုကြောင့် သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီအဆီတွေက အရေပြားဆဲလ်ထဲကို ရောက်တဲ့အခါ ပြောင်းလဲမှု ဖြစ်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပိုလီမပြည့်ဝဆီ မြင့်မားစွာ ပါဝင်တဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်သင့်တာပါ။ ပိုလီမပြည့်ဝဆီတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်ဆီ၊ မာဂျရင်းထောပတ်၊ ပဲပိစပ်ဆီတို့ကို လျှော့စားပြီး သံလွင်ဆီ၊ ထောပတ်အစစ်တို့ကို အစားထိုးစားပါ။ ဒါ့အပြင်အိုမီဂါ ၃ အဆီပါဝင်မှုများတဲ့ ငါးကို စားပါ။

(၂) ကဖင်းဓာတ်ကို ထိန်းချုပ်ပါ ကဖင်းဓာတ်များလွန်းတာက အင်ဒိုခရိုင်းစနစ်ကို အားနည်းစေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်တာ၊ အဆိပ်နဲ့ ထိတွေ့မှုရှိတာ၊ အကျိုးပြုအဆီ ချို့တဲ့တာ၊ စိတ်ဖိစီးမှုများတာ စတဲ့ ဟော်မုန်းကို ဒဏ်ပိစေတဲ့ တခြားအချက်တွေရှိရင် ပိုဆိုးပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ကော်ဖီကို လျှော့သောက်ပါ။ ဒါမှမဟုတ် ဆေးဖက်ဝင် လက်ဖက်ရည်ကြမ်းတွေကို အစားထိုး သောက်ပါ။

(၃) အဆိပ်များကို ရှောင်ပါ အဆိပ်တွေက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ပလတ်စတစ်၊ အိမ်သုံး ဓာတုပစ္စည်းတွေနဲ့ မွေ့ရာတွေထဲမှာ တွေ့ရလေ့ရှိပါတယ်။ ဒီအဆိပ်တွေမှာ ကိုယ်တွင်းဟော်မုန်းတွေကို လျော့ကျစေတဲ့ ဟော်မုန်းတား ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ တကယ်လို့ သင်က ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေရင် ဒါမှမဟုတ် ဟော်မုန်းဓာတ်မမျှမတ ဖြစ်နေရင် ဒီအဆိပ်တွေကို ရှောင်ဖို့ အလွန်အရေးကြီးပါတယ်။ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေထဲမှာ အစာကို ထည့်တာ၊ ပူနေတဲ့ အစားအသောက် ထည့်တာတို့ ရှောင်ပါ။

(၄) အိပ်ရေးဝဝ အိပ်ပါ သင့်အနေနဲ့ အိပ်ရေးဝဝ မအိပ်ခဲ့ရရင် ဟော်မုန်းဓာတ်တွေကလည်း မမျှမတ ဖြစ်နေပါလိမ့်မယ်။ အိပ်ရေးဝဝ အိပ်တာက ဟော်မုန်းဓာတ်တွေကို တိုးတက် ကောင်းမွန်စေတဲ့အပြင် အသက်ရှည်ရှည် နေနိုင်တာ၊ ရောဂါဖြစ်နှုန်း လျော့ကျတာနဲ့ ကိုယ်အလေးချိန် ပုံမှန် ရှိတာ..စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

(၅) အားဖြည့် ဆေးကို ဉာဏ်ရှိရှိ ရွေးချယ်သောက်သုံးပါ နေခြည်နုနု ရရှိချိန်မှာ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အပြင် ဗီတာမင်ဒီကိုလည်း ရရှိစေပါတယ်။ မဂ္ဂနီဆီယမ် - မဂ္ဂနီဆီယမ်ဟာ ခန္ဓာကိုယ်တုံ့ပြန်မှု ရာပေါင်းများစွာကို ပံ့ပိုးပေးပြီး အိပ်ရေးဝဝ အိပ်မောကျစေပါတယ်။ ဗီတာမင်ဒီ - ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာကို ထောက်ပံ့ပေးပါတယ်။ နေရောင်ခြည်ကနေ အကောင်းဆုံးရရှိပြီး ဗီတာမင် D3 ဖြည့်စွက်ဆေးကနေလည်း ရနိုင်ပါတယ်။ ငါးကြီးဆီ- အကျိုးပြုအဆီနဲ့ အိုမီဂါ ၃ အဆီများစွာ ပါဝင်တဲ့ ငါးကြီးဆီဟာ ဟော်မုန်း ထုတ်လုပ်ရေးအတွက် အရေးပါပါတယ်။ ဂျယ်လတင်- ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စ်ဖိတ်တို့များစွာပါတဲ့ ဂျယ်လတင်ဟာ ဟော်မုန်းထုတ်လုပ်ရေး၊ အစာခြေစနစ် ကျန်းမာရေးတို့ကို ကောင်းမွန်စေပြီး ရောင်ရမ်းမှု၊ အထူးသဖြင့် အဆစ်ရောင်ရမ်းမှုကို သက်သာစေပါတယ်။

(၆) ပေါ့ပါးသော လေ့ကျင့်ခန်းလုပ်ပါ သင့်မှာ ဟော်မုန်းမမျှတမှု ရှိနေရင် ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်တာက ဒီအခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဟော်မုန်းဓာတ်တွေ မျှတညီညွတ်စေဖို့ အိပ်ရေးဝဝ အိပ်စက်ပါ။ လမ်းလျှောက်တာ၊ ရေကူးတာလို ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။

(၇) လက်ပ်တင်ဟော်မုန်းကို ချိန်ညှိပါ လက်ပ်တင်ဟော်မုန်း မမျှတရင် ဒါမှမဟုတ် ဒီဟော်မုန်းကို တွန်းလှန်မှု ရှိနေရင် တခြားဟော်မုန်းတွေလည်း ကောင်းကောင်းမျှတဖို့ မလွယ်ပါဘူး။ လက်ပ်တင်ဟော်မုန်းက အရေးပါတဲ့ ဟော်မုန်းဖြစ်လို့ပါ။ လက်ပ်တင်ဟော်မုန်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးမှ မျိုးအောင်နိုင်စွမ်း ကောင်းပြီး ကိုယ်အလေးချိန် မြန်မြန်လျော့ကျကာ အိပ်ရေးဝဝ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ ရောင်ရမ်းမှုလည်းလျော့ကျမှာ ဖြစ်ပါတယ်။

ဇွန် 
by Good Health

No comments:

Post a Comment