Wednesday 9 October 2013

ပဋိဇီဝဆေး(ပိုးသတ်ဆေး)တွေသောက်မယ်ဆိုရင်

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 1:42pm

ရောဂါပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသရာမှာ ရောဂါပိုးတွေကို သေအောင်သတ်နိုင်မှသာ သက်သာ ပျောက်ကင်း နိုင်မှာပါ။ ပိုးသတ်ဆေး တွေဟာ ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ နာမကျန်းဖြစ်ခြင်းတွေကို ကုသရာမှာ အထိရောက်ဆုံးပါပဲ။ တစ်ခြားသောနည်းလမ်းတွေ၊ ဆေးတွေ ဟာ ရောဂါတွေကို ခဏတာ သက်သာအောင် လုပ်ကောင်းလုပ်နိုင်မှာပါ ၊ ဒါပေမယ့် အရှင်းပျောက်သွားအောင်တော့ မလုပ်နိုင်ပါဘူး။ ဒါပေမယ့် ပိုးသတ်ဆေးတွေကို သောက်တဲ့ အခါ ဂရုတစိုက် ကြပ်ကြပ်မတ်မတ် သောက်ဖို့ လိုအပ်ပါတယ်။ ဂရုမစိုက်ဘူး၊ ညွှန်ကြားတဲ့ အတိုင်းသေသေချာချာမသောက်ဘူးဆိုရင်တော့ ရောဂါပိုးတွေဟာ ဆေးတွေကို ယဉ်ပါးလာနိုင်ပြီး ရောဂါတွေကို ကုသဖို့ ခက်ခဲလာနိုင်ပါတယ်။

ဆေးယဉ်ပါးမှုကို ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ..

၁။ ပိုးသတ်ဆေးတွေကို အချိန်မှန် မသောက်ခြင်း၊
၂။ သောက်ရမည့် ဆေးပမာဏ မပြည့်ခင် ဆေးသောက်ခြင်းကို ရပ်လိုက်ခြင်း၊
၃။ အစာနှင့် တွဲမသောက်ရမည့် ပိုးသတ်ဆေးများကို အစာနှင့် တွဲသောက်ခြင်း၊  တို့ ကြောင့်ဖြစ်ပါတယ်။

အထက်ပါ အကြောင်းရင်းတွေကြောင့် သင်သောက်လိုက်တဲ့ ပိုးသတ်ဆေးတွေဟာ သင့်ခန္ဓာကိုယ် အတွင်းမှာ ရှိတဲ့ ပိုးတွေကိုသေအောင်မသတ်နိုင်တဲ့ အခါမှာ အဲ့ဒီပိုးတွေဟာ ထပ် ပွါးလာပြီး ဆေးတွေကို ယဉ်ပါးလာပါတယ်။ ဆေးယဉ်ပါးမှု ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်က သင့်ကိုဆေးပေးရတဲ့ အခါ ခက်ခဲမှုတွေဖြစ်လာပါတယ်။ သင်ယဉ်ပါးနေတဲ့ဆေးတွေ အစား အဲ့ဒီဆေးတွေထက် ပိုပြင်းတဲ့ ပိုးသတ်ဆေးတွေကို ပေးရပါတယ်။ ဆေးတွေရဲ့ သဘောတရားအရတော့ ပိုးပြင်းတဲ့ ဆေးကိုပေးလေ ဘေးထွက်ဆိုးကျိုးတွေများလေပါပဲ။

ဒီတော့ ပိုးသတ်ဆေးတွေသောက် တဲ့ အခါမှာ ဆေးယဉ်ပါးမှုတွေမဖြစ်ပေါ်စေဖို့ အတွက် လိုက်နာရမည့် အချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ ပိုးသတ်ဆေးသောက်မယ်ဆိုရင် ဆရာဝန်၊ ဆေးဝါးပညာရှင်များ၏ ညွှန်ကြားချက် ရရှိမှသာသောက်ပါ။

ဘယ်ရောဂါဖြစ်တာဟာ ဘယ်ပိုးကြောင့်၊ ဘယ်ပိုးအမျိုး အစားကို ဘယ်လို ပိုးသတ်ဆေးမျိုးနဲ့ သတ်မှရနိုင်မယ် ဆိုတာကို သေချာသိမှ အနာနဲ့ ဆေး ထိရောက်မှုရှိမှာပါ။ နေမကောင်းဖြစ်ပြီဆိုရင် ဆေးဆိုင်တွေမှာ စပ်ဆေးဝယ်သောက်တယ်ဆိုတာမျိုးတွေဟာ အင်မတန်မှ အန္တရာယ်များတဲ့ အလုပ်ပါ။ သူပေးလိုက်တဲ့ဆေးတွေဟာ ဘာဆေးတွေမှန်းလဲ မသိရဘူး၊ ဘယ်အချိန်ဘယ်လို၊ ဘာနဲ့  သောက်ရမယ် ဆိုတာမျိုးကိုလဲ ညွှန်ကြားပြသခြင်းလည်း မရှိပါဘူး။ တစ်ခါတစ်ရံ တော်ရုံတန်ရုံ ဖျား၊ နာ တာလောက်ကို တော့ ပျောက်ကင်းသွားနိုင်တာမှန်ပါတယ်။ ဒါပေမယ့် ဆေးပညာကို သေသေချာချာ သင်ယူထားတဲ့လူတွေမဟုတ်တော့ အဲ့ဒီဆေးတွေရဲ့  ဘေးထွက်ဆိုးကျိုးတွေကို မသိနိုင်ပါဘူး။ ဒီတော့ တစ်ကယ်တမ်း ရောဂါကြီးကြီးမားမားဖြစ်လာတဲ့ အခါ မျိုးတွေမှာမှ ဆရာဝန်နဲ့  သွားပြကြတော့ ပထမတုန်းက ကိုယ်သောက်ထားတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ပေးချင်တိုင်းပေးထားတဲ့ ပိုးသတ်ဆေးတွေရဲ့  ဆေးယဉ်ပါးမှုတွေကြောင့် ဆရာဝန်တွေမှာ တော်တော်ဒုက္ခရောက်ကြရပါတယ်။ မြန်မာစကားပုံတောင်ရှိပါတယ်။ အပ်နဲ့ ထွင်းရမည့် ကိစ္စကို ပုဆိန်နဲ့ ပေါက်ရပါတော့တယ်။ ဒါကြောင့် နေမကောင်းဖြစ်တယ် ဆိုရင် ကိုယ်သောက်တဲ့ ဆေးတွေထဲမှာ ပိုးသတ်ဆေးတွေပါမပါဆိုတာမျိုး၊ ကိုယ်သောက်နေတဲ့ဆေးတွေဟာ ဘာဆေးတွေလဲဆိုတာမျိုးကိုတော့ သိအောင်အရင်လုပ်သင့်ပါတယ်။ ပိုးသတ်ဆေးသောက်မှ ရမည့် ရောဂါမျိုးဆိုရင်တော့ ရမ်းသောက်တာမျိုးမလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်တွေကို မေးမြန်းတိုင်ပင်ပြီးမှပဲသောက်သင့်ပါတယ်။

၂။ ပိုးသတ်ဆေးတွေကို ညွှန်ကြားသည့် အတိုင်း အတိအကျသောက်ပါ။

ပိုးသတ်ဆေးတစ်မျိုးတိုင်းစီ မှာ သူတို့ ပိုးတွေကို ဘယ်လိုနည်းနဲ့ သတ်မယ်၊ ခန္ဓာကိုယ် အတွင်းမှာ ဘယ်လောက် ကြာကြာနေမှ အာနိသင်ပြမယ်၊ ဘယ်နှစ်ရက် ကြာအောင်သောက်မှ ပိုးတွေကို သေအောင်သတ်နိုင်မယ်ဆိုတာမျိုးတွေဟာလည်း ဆေးတစ်မျိုးနဲ့  တစ်မျိုးမတူပါဘူး။ တစ်ကယ်လို့  ဆရာဝန်က သင့်ကို ၁၀ ရက်သောက်ရမယ်ပြောရင် ၁၀ ရက်သောက်မှ ပိုးတွေအကုန်လုံးသေမှာမို့ လို့  ပါ။ ရောဂါသက်သာသွားတယ်ဆိုပြီး ဆေးတွေကို ရပ်လိုက်မယ်ဆိုရင်တော့ မသေပဲကျန်နေတဲ့ပိုးတွေဟာ ထပ်ပွါးလာပြီး ဆေးယဉ်ပါးမှုတွေဖြစ်လာမှာပါ။ ပိုးတွေ သေအောင် သတ်နိုင်ဖို့ နောက်တစ်ချက် ကတော့ သွေးထဲမှာ ဆေးတွေရဲ့ ပမာဏ အပြည့်အ၀ရှိနေစေဖို့ ပါပဲ။ ဒီလိုရှိနေဖို့ အတွက်ကတော့ ဆေးတွေကို အချိန်မှန်သောက်ဖို့ လိုပါတယ်။ ဥပမာ ၆ နာရီခြားသောက်ရမယ် ပြောခြင်းဟာ ၆ နာရီကျော်ရင် ဆေးအာနိသင်ကုန်သွား မှာမို့ လို့ ပါ။ ဒါကြောင့် သင်ဆေးသောက် ထားတဲ့အချိန်၊နောက်တစ်ကြိမ် ဆေးထပ်သောက်ရမည့် အချိန်တွေကို မှတ်သားထားပြီး သေသေချာချာသောက်ဖို့ လိုအပ်ပါတယ်။

၃။ ဘာနဲ့ တွဲသောက်ရမယ်ဆိုတာကို သေချာအောင်မေးပါ။  

တစ်ချို့ ပိုးသတ်ဆေးတွေကို နို့ နဲ့ တွဲသောက်ခြင်း၊ အချိုရည်၊ သစ်သီးဖျော်ရည်၊ ဗီတာမင် အားဆေးများနဲ့  တွဲဖက်သောက်သုံးခြင်းအားဖြင့် ဆေးအာနိသင်ကို လျော့ကျစေပါတယ်။ ထို့ ပြင် တစ်ချို့သော ပိုးသတ်ဆေးတွေကို အစာနဲ့  တွဲသောက်သင့် ပေမယ့်တစ်ချို့ ကို တော့ အစာနဲ့ ဝေးဝေးသောက်မှပဲ အာနိသင်ရှိတာမျိုးတွေရှိပါတယ်

ဥပမာ......

Ciprofloxacin, Levofloxacin, Doxycycline, Tetracycline အစရှိတဲ့ ပိုးသတ်ဆေးတွေကို နို့ ၊ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အချိုရည်၊ သစ်သီးဖျော်ရည်၊ ဗီတာမင် အားဆေးများနဲ့  တွဲဖက်သောက်သုံးခြင်းအားဖြင့် ဆေးအာနိသင်ကို လျော့ကျစေတဲ့  အတွက် ရေနဲ့ ပဲတွဲဖက်သောက်သုံးသင့်ပါတယ်။

ထို့ ပြင် သံဓာတ်၊ ကယ်လ်ဆီယံဓာတ်၊ မက်ဂနီဆီယံဓာတ်တွေဟာလည်း ဆေးအာနိသင် ကို လျော့ကျစေတဲ့အတွက် အဲ့ဒီ ဓာတ်တွေပါတဲ့ ဆေးတွေကို သောက်ဖို့  လိုအပ်တယ်ဆိုရင်တော့ အချိန်ခြားပြီးသောက်သင့်ပါတယ်။

Ampicillin, Ciprofloxacin, Doxycycline, Metronidazole , Tetracycline  အစရှိတဲ့ ပိုးသတ်ဆေးတွေကို အစားမစားမီ ၂ နာရီ၊ အစာစားပြီး ၄ နာရီ ခွာပြီးမှသောက်သင့်ပါတယ်။

Amoxicillin, Clavulanic Acid, Nitrofurantoin အစရှိတဲ့ ပိုးသတ်ဆေးတွေကိုတော့ အစာနဲ့  တွဲဖက်သောက်သုံးနိုင်ပါတယ်။

Azithromycin, Cefuroxime, Erythromycin, Levofloxacin အစရှိတဲ့ ပိုးသတ်ဆေးတွေကတော့ အစာနဲ့  တွဲသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ ဆေးအာနိသင် အပြောင်းအလဲမရှိပါဘူး။

ဒါကြောင့် သင့်ကို ဆရာဝန်က ပိုးသတ်ဆေးတွေပေးခဲ့ရင် ဘယ်လို သောက်ရမယ်၊ ဘာနဲ့ သောက်ရမယ်ဆိုတာမျိုးကို သေသေချာချာမေးပြီး ဂရုတစိုက်သောက်သုံးသင့်ပါတယ်။

သင်သောက်တဲ့ပိုးသတ်ဆေးဟာ သင့်ကို ကောင်းကျိုးပြုစေတဲ့ဆေးဖြစ်တယ်၊ ဆိုးကျိုးဖြစ်စေတဲ့ ဆေးဖြစ်တယ်ဆိုတာကတော့ သင်ဘယ်လောက်ထိ ဂရုတစိုက် သောက်သုံးတယ်၊ အကျိုးရှိအောင် သောက်သုံးတယ်ဆိုတဲ့ပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတွေသောက်မယ်ဆိုရင်တော့ ဆရာဝန်၊ ဆေးဝါးပညာရှင်တွေနဲ့ တိုင်ပင်ပြီး၊ သူတို့ ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာသောက်သုံးပါလို့ အကြံပြုလိုပါတယ်။

မေသူ-သံတွဲ (ဆေးဝါးတက္ကသိုလ်)
credit to >>May Thu Win Facebook & Education Digest Journal 14.8.13

No comments:

Post a Comment