Saturday 8 February 2014

နားကျန်းမာရေး

by #ပိုပိုဇော်(သဘာဝအားအင်)February 9, 2014 at 10:08am

အဖြစ်များတဲ့ နားပြဿသာနာအများစုဟာ ရောဂါကြောင့်ဖြစ်တာ မဟုတ်ပါဘူး။

နားဖာချေးဝင်ပြီး နားပိတ်ခြင်း

နားထဲကို နားကြပ်တံနဲ့ ထိုးသွင်းတာကြောင့် နားပိတ်ဆို့တာက အဖြစ်များပါတယ်။ နားဖာချေးဝင်ပြီး နားပိတ်ဆို့မှုကြောင့် အကြားအာရုံ လျော့နည်းတာကို ဖြစ်စေပြီး နားအူတာနဲ့ တစ်ခါတစ်ရံ နားကိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နားကို နားကြပ်တံနဲ့ သန့်ရှင်းစင်ကြယ်အောင် ဖယ်ထုတ်ဖို့ မလိုအပ်ပါဘူး။ နားမှာ သူ့အလိုလို သန့်စင်အောင် လုပ်နိုင်တဲ့ သဘာဝနည်း ရှိပြီးသားပါ။ နားစည်ထဲမှာ အဆီတွေက အမှုန်အမွှားတွေကို ပိတ်ဆို့စေနိုင်ပြီး နားဖာချေးအဖြစ် နားထဲကနေ အပြင်ကို ထွက်သွားတတ်ပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲနဲ့ကို နားဖာချေးတွေက အလိုလို ထွက်သွားတာမျိုးပါ။


နားကို သန့်ရှင်းစင်ကြယ်အောင် ရေဆေးတာမျိုး လုပ်တဲ့အခါ ဒါမှမဟုတ် ရေချိုးရင်း ရေတွေ မတော်တဆ ဝင်သွားတဲ့အခါ နားဖာချေးတွေက နောက်ကိုပြန်ရောက်ပြီး ပိတ်ဆို့သွားပါတော့တယ်။ နားကို တဘက်၊ နားကြပ်တံ၊ တစ်သျှူးစက္ကူတို့နဲ့ ခြောက်သွေ့အောင် သန့်စင်ဖို့ မလိုအပ်တော့ပါဘူး။

ရေချိုးပြီးတဲ့အခါ နားကို သဘာဝအတိုင်း အခြောက်ခံတာ ဒါမှမဟုတ် အပူနည်းနည်းပါတဲ့ လေမှုတ်စက်နဲ့ ညင်ညင်သာသာ ခြောက်အောင်လုပ်တာမျိုးကို လုပ်ပေးနိုင်ပါတယ်။ သံလွင်ဆီကလည်း နားဖာချေးတွေကို ပျော့သွားစေပြီး ထွက်သွားအောင် လုပ်နိုင်ပါတယ်။ နားထဲကို သံလွင်ဆီနှစ်စက် ထည့်ပေးပါ။

တကယ်လို့ နားထဲမှာ နားဖာချေးတွေနဲ့ ပိတ်ဆို့နေပြီး အကြားအာရုံ လျော့ကျနေရင် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်ထံ သွားရောက် ပြသသင့်ပါတယ်။

နားယားခြင်း

နားဟာ နှင်းခူ၊ ဆိုးရီးယေးစစ် အရေပြားရောဂါတွေ ဖြစ်ပြီး ယားယံကာ စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် ကုတ်ခြစ်တာကြောင့် နားရဲ့ နူးညံ့တဲ့ အစိတ်အပိုင်းတွေကို ထိခိုက်စေကာ ပိုးဝင်တတ်ပါတယ်။ အဲဒီအခါ  နားစည်နဲ့ အပြင်နားကြားနေရာမှာ ရောင်ရမ်းရတတ်ပါတယ်။ ရေကူးတာကြောင့် နားထဲမှာ ရေတွေဝင်ပြီး ပိတ်ဆို့မှု ဖြစ်တတ်ပါတယ်။ အဲဒီအခါ နားစည်ရောင်ရမ်းမှု ဖြစ်လာပြီး နားစည်ကျဉ်းကာ ကိုက်ခဲမှု ဖြစ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အကြားအာရုံ ထိခိုက်မှု ဖြစ်တတ်ပါတယ်။ ကုသမှုအနေနဲ့ နားထဲကို ပဋိဇီဝပိုးသတ်ဆေးရည် ထည့်ဖို့ လိုအပ်ပြီး အကိုက်အခဲ ပျောက်ဆေးလည်း သောက်သုံးရပါမယ်။ ကိုက်ခဲနာကျင်မှုက ပြင်းထန်လွန်းနေရင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

နားပေါက်ဖောက်ခြင်း

နားပေါက်ဖောက်တဲ့အခါ အခန့်မသင့်ရင် နားအရေပြား ထိခိုက်မှုဖြစ်ပြီး ပိုးဝင်ကူးစက်မှု ဖြစ်တတ်ပါတယ်။ နားပေါက်ဖောက်မယ်ဆိုရင် နားအရေပြားကို အထူးတလည် ဂရုစိုက်ဖို့ လိုပါတယ်။ လူအများစုဟာ နီကယ်လို သတ္တုတွေနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်တတ်ပြီး နားရွက်အပြင်မှာ ရောင်ရမ်းတာနဲ့ မသက်မသာ ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

နေလောင်ဒဏ်ခံရခြင်း

နားရွက်ထိပ် နေရာတွေက နေရောင်ခြည်ထိတွေ့မှု ခံရနိုင်ခြေများသလို အန္တရာယ်ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကိုလည်း ထိလွယ်ခိုက်လွယ်ပါတယ်။ ဒါကြောင့် နားမှာ အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ နေရောင်ကာခရင်မ် လိမ်းတဲ့အခါ နားရွက်တွေကိုပါ လိမ်းဖို့ လိုအပ်ပြီး နားတွေကိုပါ လုံခြုံစေမယ့် ဦးထုပ်ကိုလည်း ဆောင်းပေးရပါမယ်။ 

ကြယ်စင်
photo copy from google search
originally posted by Good Health
source >>>http://news.yatanarpon.com.mm/cp/goodhealth/news-51243

No comments:

Post a Comment