Tuesday 4 February 2014

သိထားသင့်သော နားအတွင်း ပိုးဝင်ရောက်ခြင်း

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 6:11pm

နားအတွင်း ပိုးဝင်တာက အဖြစ်များတဲ့ ရောဂါ တစ်ခုပါ။  အထူးသဖြင့် မကြာခဏ နှာစေးတတ်တဲ့ ကလေးငယ်တွေမှာ အဖြစ်များတာ တွေ့ရပါတယ်။ နောက်ဆုံး တွေ့ရှိချက်အရ ကလေးငယ်တွေမှာ အအေးမိ ဖျားနာပြီးတဲ့အခါ နားအတွင်း ပိုးဝင်ရောက်နိုင်ခြေ ၆၁ ရာခိုင်နှုန်း ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။


စစ်ဆေးခြင်း

နား၊ နှာခေါင်း အထူးကု ဆရာဝန်တွေက နားနဲ့ နားစည်ကို မှန်ပြောင်း အသုံးပြုပြီး ရောဂါ ရှာဖွေ စစ်ဆေးပေးပါတယ်။ ပုံမှန်နားစည်က အလင်းဖောက်နိုင်ပြီး ပန်းရောင်သန်းနေတဲ့ အညိုရောင် ဖြစ်နေတာကို တွေ့ရပါတယ်။ ရောဂါပိုး ဝင်ရောက်နေတဲ့အခါ နားစည်က အနီရောင် ဖြစ်နေပြီး ရောင်ရမ်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နားအတွင်းပိုင်း

နားစည်ရဲ့နောက်မှာ တူ၊ ပေ၊ ထိန်းကွင်းဆိုပြီး အရိုးလေးသုံးခုရှိတယ်။ အဲဒီ အရိုးလေး သုံးခုက လေအိတ်ထဲမှာ နေတယ်။ အဲဒီလေအိတ်ရဲ့ နောက်က ပြွန်ဖြစ်တဲ့ Eustachian Tube က နှာခေါင်းနောက်မှာ ပွင့်ပြီး နှာခေါင်းနဲ့ လည်ချောင်းထဲမှာလိုပဲ အတွင်းမှာ အချွဲလွှာနဲ့ ဖုံးအုပ်ထားတယ်။ ဒီပြွန်က အလယ်နားအတွင်းမှာ ရှိတဲ့ အရည်တွေကို သန့်စင်ပေးပြီး နားအတွင်း ဖိအားကို ထိန်းညှိပေးပါတယ်။ အအေးမိတာ၊ တုပ်ကွေးမိတာနဲ့ ဓာတ်မတည့်မှုတွေက Eustachian Tube ကို လှုံ့ဆော်မှု ဖြစ်စေပြီး ရောင်ရမ်းစေပါတယ်။

နားအတွင်းရှိ အရည်

တကယ်လို့ Eustachian Tube ပိတ်သွားတဲ့အခါ အရည်တွေက အလယ်နားအတွင်းမှာ စုဝေးနေပြီး ဘက်တီးရီးယားပိုးနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားစေပါတယ်။ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ ဆရာဝန်က အလယ်နားအတွင်းမှာ အရည်တွေ စုနေတာကို စစ်ဆေး တွေ့ရှိနိုင်ပါတယ်။

နားစည်ပေါက်ပြဲခြင်း

အလယ်နားအတွင်းမှာ အရည်တွေ စုမိနေတာက နားစည်ပေါက်ပြဲတာကို ဖြစ်စေနိုင်ပါတယ်။ နားစည် ပေါက်ပြဲသွားတဲ့အခါ အဝါရောင်၊ အညိုရောင် ဒါမှမဟုတ် အဖြူရောင်ရှိတဲ့ အရည်တွေ နားထဲကနေ ထွက်လာတတ်ပါတယ်။ နားစည်ပေါက်ပေါ်ကို ဖိထားတဲ့ ဖိအား မရှိတော့တာကြောင့် နာကျင်မှု ရုတ်တရက် သက်သာသွားတတ်ပါတယ်။

နားအတွင်း ပိုးဝင်ရောက်လျှင် ခံစားရသော လက္ခဏာများ

နားအတွင်း စူးစူးရှရှ နာကျင်လာပြီး လဲလျောင်းနေတဲ့အခါ ပိုမိုနာကျင်တတတာကြောင့် အိပ်စက်လို့မရ ဖြစ်တတ်ပါတယ်။ နားလေးခြင်း ဖျားနာခြင်း နားအတွင်းမှ အရည်များ ကျခြင်း ခေါင်းမူးခြင်း နားပိတ်ခြင်း

ကလေးငယ်လေးများတွင် နားအတွင်း ပိုးဝင်ခြင်း

စကားမပြောတတ်သေးတဲ့ ကလေးငယ်လေးတွေမှာ နားအတွင်းပိုးဝင်တဲ့အခါ နာကျင်တဲ့နေရာကို အတိအကျ မပြတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်လေးက နားရွက်ဆွဲဆွဲ နေတတ်တာ၊ နေ့ဘက်၊ ညဘက်တွေမှာ ကောင်းကောင်းမအိပ်တာ၊ အစာမစားတာတွေ ဖြစ်နေတဲ့အခါ ကလေးရဲ့ နားမှာ တစ်စုံတစ်ခု ဖြစ်နေသလားဆိုတာ သံသယ ရှိသင့်ပါတယ်။

ရေကူးခြင်းနှင့် နားအတွင်း ပိုးဝင်ခြင်း

ရေကူးတဲ့အခါ ရေနဲ့ တခြားအရာတွေ နားအတွင်းမှာ ခိုအောင်း နေရာကနေ နားအတွင်း ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ခိုအောင်းနေတဲ့ ရေတွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ဖွားပြီး နာကျင်တာ၊ ရောင်ရမ်းတာနဲ့ နားအပြင်ဘက်မှာ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်ခြင်းနှင့် နားအတွင်း ပိုးဝင်ခြင်း

အအေးမိတာ၊ ဓာတ်မတည့်တာတွေက Eustachian Tube ကို လှုံ့ဆော်မှု ဖြစ်စေပြီး အလယ်နားအတွင်း ပိုးဝင်ရောက်တာကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် သင်နဲ့ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေကို သတိထားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

နားအတွင်း ပိုးဝင်ခြင်းအတွက် အိမ်တွင်းကုထုံး

ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တယ် ဆိုပေမယ့် နာကျင်မှုကို သက်သာအောင် လုပ်ပေးဖို့တော့ လိုပါတယ်။ နားအတွင်း ဆေးရည်ခတ်ပေးတာ၊ အဝတ်စနွေးနွေးနဲ့ ပွတ်ပေးတာတွေက ကလေးငယ်ကို နာကျင်မှု သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ပြုလုပ်သင့်ပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်စတဲ့ ဆရာဝန်ညွှန်ကြားချက် မလိုတဲ့ အကိုက်အခဲ ပျောက်ဆေးဝါးတွေကိုလည်း သုံးစွဲနိုင်ပါတယ်။ အက်စပရင်ဆေးကိုတော့ ကလေးငယ်တွေကို မတိုက်သင့်ပါ။

ပိုးသတ်ဆေးများ

နားအတွင်း ပိုးဝင်ခြင်းအတွက် ပိုးသတ်ဆေးတွေ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကလေးအများစုမှာ ခန္ဓာကိုယ်ခုခံအားက ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်တာ တွေ့ရပါတယ်။ လေ့လာမှုတစ်ခုမှာ ကလေးတွေကို ပိုးသတ်ဆေး မတိုက်တာက သက်သာမှု ပိုမြန်တာကို တွေ့ရပြီး ကလေးအနည်းစုသာ ပိုးသတ်ဆေးတိုက်ဖို့ လိုအပ်တာကို တွေ့ရပါတယ်။

နားအတွင်းပိုးဝင်ခြင်းနှင့် နောက်ဆက်တွဲ

နာတာရှည်နဲ့ မကြာခဏ နားအတွင်း ပိုးဝင်ရောက်တာတွေမှာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ ရှိနေပါတယ်။ နားစည်မှာ ဒဏ်ရာ ဖြစ်သွားတာကြောင့် အကြားအာရုံ ချို့ယွင်းတာ၊ စကားမပြောနိုင်တာနဲ့ ဘာသာစကား သင်ကြားနိုင်မှု မရှိတော့တာ၊ ဦးနှောက်အမြှေးပါး ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်။ သင့်ကလေးက နာတာရှည်နဲ့ မကြာခဏ နားအတွင်း ပိုးဝင်ရောက်တာ ဖြစ်ပေါ်နေပါက ဆရာဝန်နဲ့ အကြားအာရုံ စမ်းသပ်စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

ဆရာဝန်နှင့် ပြသပါ

ကလေးငယ်တွေမှာ နားအတွင်း ပိုးဝင်တာက မကြာခဏ ပြန်ဖြစ်နေပါက နားအတွင်း အရည်တွေ စုနေတာကြောင့် အကြားအာရုံ ချို့ယွင်းပြီး စကားပြော ကြန့်ကြာနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသပေးပါ။ ဆရာဝန်က သင့်ကလေးငယ်ရဲ့ နားအတွင်းမှာ စုနေတဲ့ အရည်တွေကို ဖောက်ထုတ်ပေးပါလိမ့်မယ်။ နားအတွင်း ဖိအားလျော့ကျစေပြီး နာကျင်မှုလည်း သက်သာစေပါတယ်။

နားပိုးဝင်ခြင်း မဖြစ်အောင် ကာကွယ်မှု

နားပိုးဝင်တာကို ဖြစ်စေတဲ့ အဓိက ဖြစ်စေတဲ့ အကြောင်းက အအေးမိတာကြောင့်ပါ။ ဒါကြောင့် အအေးမိစေတဲ့ ဗိုင်းရပ်စ်ပိုး မကူးစက်နိုင်အောင် ကာကွယ်ဖို့ လိုပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ နှာချေ၊ ချောင်းဆိုးရာက ထွက်လာတတ်တဲ့ အမှုန်အမွှားတွေကနေ ကူးစက်နိုင်တာကြောင့် လူအုပ်စုထဲ သွားလာတာမျိုးကို တတ်နိုင်သမျှ ရှောင်ပါ။ မကြာခဏ လက်ဆေးပေးပါ။ ဆေးလိပ်သောက်တာ ရှောင်ပါ။ ကလေးငယ်တွေကို အအေးမိတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးပေးထားတာတွေ ပြုလုပ်ပေးပါ။           

ဇာခြည်ဝင်း  (ဆေးဝါးတက္ကသိုလ်)
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/cp/goodhealth/article-59242

No comments:

Post a Comment