Tuesday 4 February 2014

ကင်ဆာရောဂါ ကာကွယ်နိုင်မည့်တွေ့ရှိချက်များ

by #ပိုပိုဇော်(သဘာဝအားအင်)February 4, 2014 at 5:25pm

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေဟာ နှစ်စဉ် ရှာဖွေတွေ့ရှိ  နေကြပြီး လွယ်ကူစွာ အသုံးပြုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အောက်ပါ နည်းလမ်းတွေဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။


၁။ Curcumin နဲ့ ကင်ဆာကို ကာကွယ်နိုင်တဲ့ Genes တွေ ထွက်ရှိလာအောင် ပြုလုပ်ပါ

နောက်ဆုံးပေါ် လေ့လာမှု အသစ်တစ်ခုအရ နနွင်း၊ ဟင်းအနှစ်နဲ့ အိန္ဒိယဟင်းခတ် အမွှေးအကြိုင်မှာ အဓိက ပါဝင်တဲ့ Curcumin ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ခိုက်နိုင်တဲ့ မျိုးရိုးဗီဇတွေ ထွက်ရှိလာအောင် ပြုလုပ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် Curcumin ဆိုတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်း Carcinogen ကို သင့်အသည်းမှ ဖြိုခွဲနိုင်စွမ်း နှစ်ဆပိုများစေနိုင်တဲ့အတွက် ကင်ဆာ ဖြစ်နိုင်ခြေကို ၆၈ ရာခိုင်နှုန်းထိ လျှော့ချသွားနိုင်ပါတယ်။ နေ့စဉ် နနွင်းမှုန့် ဒါမှမဟုတ် ဟင်းအနှစ်ကို လက်ဖက်ရည်ဇွန်းနဲ့ လေးပုံတစ်ပုံခန့် စားသုံးပေးပါ။

၂။ မုန်လာဥနီ စားပြီး ရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျှော့ချပါ

လေ့လာမှုတွေအရ နေ့စဉ် ခွက်တစ်ဝက်စာ မုန်လာဥနီ စားသုံးတာကြောင့် အဆုတ်၊ မမျိုးဥအိမ်နဲ့ အူမကြီး ကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့် လျော့သွားနိုင်ကြောင်း အကြံပေးထားပါတယ်။ ခွက်တစ်ဝက်စာ မုန်လာဥနီမှာ ဘီတာကရိုတင်း ၅၉၈၅ မိုက်ခရိုဂရမ် ပါဝင်ပါတယ်။ ဘီတာကရိုတင်းဟာ သွေးကြောတွင်း ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းတွေကို ခန္ဓာကိုယ်မှ Cell တွေအား မတိုက်ခိုက်နိုင်ခင် အဆင့်မှာပဲ ရှင်းထုတ်ပစ်နိုင်လို့ပါ။ ဟင်းနုနယ်၊ ကန်စွန်းဥနဲ့ သရက်သီးတွေမှာလည်း ဘီတာကရိုတင်းများစွာ ပါဝင်ပါတယ်။

၃။ ကယ်လ်စီယမ်နှင့် ဗီတာမင်ဒီ မှီဝဲပြီး ရောဂါဖြစ်နိုင်ခြေကို လျှော့ချပါ

လေ့လာမှု အသစ်အရ ကယ်လ်စီယမ်နဲ့ ဗီတာမင် D အားဖြည့်ဆေးကို မှီဝဲတာဟာ အရေပြား၊ အူမကြီး၊ သားမြတ်နဲ့ မမျိုးဥအိမ် ကင်ဆာ အပါအဝင် ကင်ဆာရောဂါ တချို့ကို ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီအာဟာရတွေဟာ ပုံမှန်မဟုတ်တဲ့ Cell တွေထဲ ဝင်ရောက်သွားပြီး အဲဒီ Cell တွေ ကြီးထွားမှုနဲ့ ပျံ့နှံ့မှုတွေ မဖြစ်အောင် တားမြစ်ပေးထားလို့ပါ။  နေ့စဉ် ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်နဲ့ ဗီတာမင် D 1000 1 U မှီဝဲပါ။

Tip!

ကယ်လ်စီယမ်ပမာဏ ၁၂၀၀ မီလီဂရမ်ကို တစ်ကြိမ်တည်း မသောက်ဘဲ ပမာဏခွဲပြီး အစာနဲ့ အတူရောပြီး သောက်ပါ။ တစ်ကြိမ်တည်းမှီဝဲတဲ့ ပမာဏများရင် ဒါမှမဟုတ် အစာမပါဘဲ ဆေးချည်းပဲသောက်ရင် ကယ်လ်စီယမ်ဟာ သွေးကြောနုနုတွေကို ဖျက်ဆီးနိုင်လို့ပါ။

၎။ အလွယ်ကူဆုံး နည်းလမ်းသုံးပြီး ဆေးလိပ် ဖြတ်ပါ

ဆေးလိပ်ငွေ့ကို ရှောင်တာကြောင့် အဆုတ်၊ လည်ချောင်းနဲ့ ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်တဲ့အပြင် အခု လေ့လာမှု အသစ်တွေအရ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ထက်ဝက် လျှော့ချနိုင်တယ်လို့ သက်သေပြထား နိုင်ကြပါတယ်။ ဗြိတိန်မှ လေ့လာမှု အသစ်အရ ဆေးလိပ်ဖြတ်ဖို့ အလွယ်ကူဆုံးနည်းလမ်းဟာ သင့်အပေါင်းအသင်းမိတ်ဆွေနဲ့ မိသားစုဝင်တွေက သင့်ထံနေ့စဉ် Chatting ဒါမှမဟုတ် e-mail ကတစ်ဆင့်ပေးပို့တဲ့ “သင် ဆေးလိပ်ဖြတ်နိုင်မှာပါ” စာကို ဖတ်ရှုနေဖို့ပါလို့ လန်ဒန်တက္ကသိုလ်မှ သုတေသီ Carolinc Free က ရှင်းပြပါတယ်။

Tip! ဆေးလိပ်ဖြတ်ဖို့ အဆင်သင့်မဖြစ်သေးရင်

မကြာခင်က ပြုလုပ်တဲ့ အံ့သြဖွယ်ရာ လေ့လာမှု အသစ်တစ်ခုအရ ပထမဆုံးသောက်တဲ့ ဆေးလိပ်ကို အိပ်ရာမှ နိုးထအပြီး အနည်းဆုံး တစ်နာရီကြာမှ သောက်သူတွေဟာ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ သင် အိပ်နေစဉ်မှာ သင့်ခန္ဓာကိုယ်က ပျက်စီးနေတဲ့ အစိတ်အပိုင်းများစွာကို ပြုပြင်နေရပြီး ဆေးလိပ်မသောက်တဲ့ အပိုဆောင်း အချိန် ရရှိတာမို့ ပြုပြင်ရမယ့် အချိန်ပို ရရှိသွားလို့ပါ။

၅။ ကင်ဆာဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ အရာတွေကို ရှောင်ပါ

နေ့စဉ် Acetaminophen (ဆိုင်ပေါ်တင်ရောင်းတဲ့ အကိုက်အခဲ ပျောက်ဆေး ၂၀၀ ကျော်မှာ ပါဝင်ပါတယ်) ဆေးသောက် နေရတာကြောင့် သွေးကင်ဆာ ဖြစ်နိုင်ခြေကို နှစ်ဆပိုများနိုင်တယ်လို့ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ပါတယ်။ Acetaminophen ဟာ အသည်းကို ဝန်ပိစေတာကြောင့် ကင်ဆာအကြိုဖြစ်နေတဲ့ သွေးဖြူဥတွေကို အသည်းမှ ဖျက်ဆီးနိုင်စွမ်း လျော့ကျသွားလို့ပါ။

၆။ အီစထရိုဂျင်အဆင့် တည်ငြိမ်အောင် လေ့ကျင့်ခန်းလုပ်ပါ

သင့်အိမ်မှာ လမ်းလျှောက်စက်  ရှိနေပေမယ့် အဲဒီစက်နဲ့ သင်လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူး ဖြစ်နေရင် လမ်းလျှောက်စက်ကို TV နားမှာ ထားလိုက်ပါ။ နေ့စဉ် မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း လုပ်တာကြောင့် သွေးတွင်းအီစထရိုဂျင် အဆင့်တွေ တည်ငြိမ်မှု ရှိလာပြီး အမျိုးသမီးကင်ဆာ ဖြစ်နိုင်ခြေ ၁၈ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။ အီစထရိုဂျင် မြင့်မားတာဟာ အမျိုးသမီးကင်ဆာ ဖြစ်နိုင်ခြေကို လှုံ့ဆော်နိုင်လို့ပါ။ သုတေသန ပြုလုပ်ချက်အရ နေ့စဉ် မိနစ် ၉၀ ခန့် မရပ်မနား လေ့ကျင့်ခန်း လုပ်တာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ၂၂ ရာခိုင်နှုန်းသာ လျော့ကျနိုင်တယ်လို့ တွေ့ရှိထားတာမို့ မိနစ် ၂၀ လောက် နေ့စဉ်လေ့ကျင့်ခန်း လုပ်နိုင်တာဟာ သင့်အတွက် အကောင်းဆုံးပါ။

၇။ ဖောလစ်အက်စစ် ပါဝင်တဲ့ အစာတွေ စားပါ

သဘာဝအားဖြင့် ဖောလစ်အက်စစ် ပါဝင်မှုများတဲ့ အစားအစာတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်ပေမယ့် ဖောလစ်အက်စစ် ပမာဏများစွာကို အားဆေးအဖြစ် မှီဝဲရင် ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဖောလစ်အက်စစ်ကို လုံခြုံစိတ်ချစွာ ရရှိနိုင်အောင် အောက်ပါအစားအစာတွေ စားပါ။

ပဲနီလေး - ချက်ပြီးသား တစ်ခွက်စာ ၃၅၈ မိုက်ခရိုဂရမ်
ဟင်းနုနယ် - ပြုတ်ပြီးသား တစ်ခွက်စာ ၂၆၃ မိုက်ခရိုဂရမ်
အစိမ်းရောင် ပန်းဂေါ်ဖီ - ပေါင်းပြီးသား တစ်ခွက်စာ ၉၄ မိုက်ခရိုဂရမ်      

ဒေါက်တာခင်မိုးမိုး
photo copy from google search
originally posted by Good Health
Source: http://news.yatanarpon.com.mm/cp/goodhealth/article-53863

No comments:

Post a Comment