Monday 13 January 2014

အသားအရည်ချောမွေ့စေမယ့်နည်းလမ်းများ

by #ပိုပိုဇော်(သဘာဝအားအင်)January 14, 2014 at 7:17am

မျက်နှာလေး လှဖို့ကတော့ ငယ်ငယ် ကတည်း က ပြင်ဆင်ခဲ့ ကြတာ မိန်းကလေး တိုင်းပေါ့။ ဒါပေမဲ့ သိပ်လှချင်စိတ် မပေါ်ခင် အထူးသဖြင့် ငယ်ရွယ်စဉ် က နမော် နမဲ့နေခဲ့ မိတဲ့ တံတောင်ဆစ် တို့၊ ဒူးတို့က ကိုယ့်ရဲ့ ခြေ၊ လက်မှာရှိတဲ့ အသား အရောင် နဲ့ သိပ်ကို ကွာဟလောက်အောင် မည်း နေမယ်၊ ကြမ်းတမ်းနေတယ် ဆိုတာကို စတိုင် ထုတ်ပြီး လှချင်တဲ့အခါ သတိထား လာမိတတ်ကြပါတယ်။ အဲဒီအခါ လှချင်ပေမယ့် အဝတ်အစား ရွေးရပြီပေါ့။ နောက်ပြီး လက်ဖဝါး ခြေဖဝါးလေး တွေက သူများ တကာ နဲ့မတူဘဲ ကြမ်းတမ်းတယ် ထင်နေရင်၊ ခန္ဓာကိုယ် အသားအရေ ကလည်း မနူးညံ့ဘူး ထင်ရင် ကိုယ့် အလှကို ယုံကြည်မှုက နည်းနေတတ်တယ်။ ဒီလို မဖြစ်အောင် ဘယ် အချက်တွေကို ရှောင်ရမယ်၊ ဘယ်လို ချောမွေ့လာ အောင်၊ အသားအရောင် ညီအောင် လုပ်ရမလဲ ဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။


တံတောင်နဲ့ဒူး မမည်းရလေအောင်

ရေချိုးတိုင်း ကျောက်ခဲ အကြမ်းလေးနဲ့ တံတောင်ကို ကွေးပြီး တံတောင်ဆစ် နေရာကို ဘယ်တစ်ခါ ညာတစ်လှည့် တိုက်ပေးပါ။ ဒူးကို လည်းအလားတူပါပဲ။ ပင်ကိုက အသား အရေ နူးညံ့လွန်းတဲ့ သူတွေ အတွက်တော့ အဝတ်စိုတို့၊ သပွတ်အူတို့၊ ကြေးတွန်းပိုက် တို့လောက်နဲ့ဆို ရပါ ပြီ။

ဒူးထောက် မသွားပါနဲ့။ငယ်ရွယ်စဉ်မှာ ဒူးထောက် သွားရတာကို ကလေးတိုင်း ကြိုက်တတ် ကြပါတယ်။ ဒါက ကြီးလာရင်တော့ သဘောမတွေ့ စရာ ဒူးညို မည်းတဲ့ ရလဒ် ကိုပေးပါတယ်။

တံတောင် ထောက်ပြီး မေးတင် စဉ်းစားတာ၊ စတိုင် ထုတ်တာတွေ လုပ်ရင် သိပ်ကြာကြာ မထောက်ဖို့ သတိထားပါ။ အထူးသဖြင့် ကြမ်းပြင်လို မာကြောတဲ့ မျက်နှာပြင်ပေါ် တံတောင်ထောက် တာမျိုးပါ။ ခဏခဏ နဲ့ ခပ်ကြာကြာ အဲဒီလိုလုပ် ရင် မေးရိုး အတွက်လည်း မကောင်းသလို တံတောင် အတွက်လည်း မကောင်း ပါဘူး။

ပြေးလွှား ကစားတဲ့ အခါ၊ ဒါမှမဟုတ် အားကစား လုပ်တဲ့အခါ၊ စကိတ်စီး စက်ဘီးစီးတို့ သင်တဲ့အခါ ဦးခေါင်းပိုင်း ကာကွယ်မှု အပြင် ဒူးတွေ တံတောင်တွေ ပွန်းပဲ့တတ် တာကြောင့် အဲဒီလို ပွန်းပဲ့မှုတွေ သက်သာစေမယ့် ဝတ်စားဆင် ယင်မှုမျိုးကို ရွေးချယ်ပါ။ ဒဏ်ရာရခဲ့ရင် ဆေးကုသမှု ခံယူပြီး အနာ ကျက်စမှာလည်း ဂရု စိုက်ပေးပါ။

တံတောင်နေရာ ချောမွေ့ဝင်းပလာစေနည်း

တံတောင် နဲ့ ဒူး ချောမွေ့အောင် ဆိုရင် ခပ်လွယ်လွယ် ကိုယ်တိုင် လုပ်နိုင်မယ့် နည်းတွေ ထဲက တစ်ခုကတော့ သံပရာသီး ကို အခြေခံ ထားပါတယ်။  သံပရာသီးကို ယူ၊ အရည် ပိုထွက်အောင် အသီးကို တစောင်းလေးတွေ လှီး။ ရလာတဲ့ သံပရာခြမ်းလေးတွေ နဲ့ တံတောင် နဲ့ ဒူးတွေကို စိတ်ရှည် လက်ရှည် ပွတ်ပါ။ မိနစ် ၂ဝ စောင့်ပါ။ အဲဒီ မိနစ် ၂ဝ အတွင်း ရေနွေးအိုးတည်ပါ။ ပဝါဟောင်း တစ်ထည် နဲ့ဇလုံ တစ်ခုယူပါ။ မိနစ် ၂ဝ ပြည့်တဲ့ အခါ ဇလုံထဲ ရေနွေး ထည့်ပြီး ပဝါကိုပါ ထည့်လိုက်ပါ။ လက် မပူအောင် ဂရုစိုက်ပြီး ပဝါက ရေနွေး ကို ညှစ်ပါ။ ပြီးရင် တံတောင် နေရာကို ရေနွေးငွေ့ ပဝါ နဲ့ အုပ်ပြီး ပွတ်ပေးပါ။ ပြီးရင် ရေနွေး ဇလုံမှာ ပြန်စိမ်ပြီး ကျန်တံတောင် တစ် ဖက် ကိုလုပ်ပါ။ အလားတူ ဒူး ၂ ဖက်ကိုလည်း တစ်လှည့်စီ လုပ်ပေးပါ။ လိုအပ်ရင် ရေနွေးကို လဲပြီးလုပ်ပါ။

အဲဒီလို လုပ်ပေးတဲ့ နေ့မှာပဲ ဒုတိယ အဆင့် အနေ နဲ့ တံတောင်နဲ့ ဒူးများ ကိုခြောက်သွေ့တဲ့ အနေအထားမှာ သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း နဲ့ အုန်းဆီ တို့ ရောမွှေ ထားတဲ့ အရည်ကို လူးပေးပါဦး။ ပြီးရင် ပထမ အဆင့်တုန်းကလို ရေနွေးငွေ့ ပဝါ နဲ့ တစ်နေရာချင်း လိုက်ပွတ်ပေးပါ။ ဒီလို ၂ ဆင့် စလုံး လုပ်ရင် ပို ထိရောက် ပါတယ်။ နေ့စဉ် ဆက်တိုက်လုပ်သွားရင် ၂ ပတ် အတွင်း နူးညံ့ချောမွေ့လာတဲ့ သင့်ရဲ့ တံတောင် နဲ့ဒူးကို သင် ကိုယ်တိုင် တွေ့မြင်နိုင်ပါပြီ။

လက်ဖဝါးလေးနူးညံ့စေဖို့

လက်ဖဝါးလေးတွေ ကြမ်းတမ်းနေလို့ ဘယ်လို လုပ်ရပါ့မလဲလို့ ခေါင်းကိုက် နေရင်တော့ ချက်ချင်း ပြုံးလိုက်ပါတော့။ သင့် အိမ်မီးဖိုချောင် ဒါမှမဟုတ် မှန်တင်ခုံပေါ်မှာ ရှိနိုင်တဲ့ သံလွင်ဆီ၊ အုန်းဆီ ဒါမှမဟုတ်  နှမ်းဆီ ဒါမှမဟုတ် ရရာအလှဆီ။ စားသုံးဆီ တစ်မျိုးမျိုး ကို တစ်ဇွန်း ယူပါ။ ခွက် တစ်ခွက်ထဲ ကိုထည့်ပါ။ အဲဒီထဲ ကို သကြား ၁ ဇွန်း ထပ်ထည့်ပါ။ ပြီးရင် လက်ဖဝါး ၂ ဖက်ကို လူးပြီး ပွတ်ပေးပါ။ ပြီးရင် ဘယ်ကညာ ၊ ညာ က ဘယ်ဘက်ကို အသာအယာ နှိပ်နယ်ပေးပါ။ ၁၅ မိနစ်ခန့် ကြာရင် ရေဆေးပစ်ပါ။ အတန် အသင့်ချောမွေ့ သွားပါလိမ့်မယ်။ ပြီးရင် Lotion တစ်ခု လိမ်းထားလိုက်ပါ။ ပုံမှန် လုပ်ပေးရင် သင့်လက် ဖဝါးလေးတွေ ရဲ့ နူးညံ့မှု ကို သင် ကိုယ်တိုင် ခံစား တွေ့မြင်ရပါ။

ခြေနဲ့လက်တွေ အထိအတွေ့ကြမ်းနေရင်

သင့်ခြေတံ နဲ့လက်တံတွေဟာ ပုံမှန်ကြေး ချွတ်ပွတ် တိုက်နေပေမဲ့ ထိတွေ့ရတာ ကြမ်းနေ တယ် ဆိုရင်တော့ ပြောင်းဖူးမှုန့်ကို
စူပါမားကက်မှာ ဝယ်ပါ။ ပြီးရင် သင့်လက် တို့ ခြေတို့နှစ် လိုက်ရင် ခံနိုင်လောက်တဲ့ အပူချိန်ရှိတဲ့ ရေနွေးကို လက် ဒါမှမဟုတ် ခြေထောက်စိမ် လို့ အဆင်ပြေမယ့် ပုံး၊ ဇလုံ ထဲကိုထည့်ပါ။ အဲဒီရေနွေး ထဲ ကို ပြောင်း ဖူးမှုန့်တွေ သင့်ရုံ သွန်ထည့်ပါ။ အဲဒါကို သမ အောင် မွှေပြီးရင်တော့ ကြမ်းတမ်းတဲ့ လက် ဒါမှမဟုတ် ခြေထောက်တွေကို အဲဒီ အရည်ထဲ စိမ်လိုက်ပါ။ အိပ်ရာ မဝင်ခင် ပြုလုပ်ရမှာ ဖြစ်ပြီး ခြေ၊ လက်တွေ စိမ်ဖို့ ကြာသင့်တဲ့ အချိန်ကတော့ ၁ဝ မိနစ် ကနေ ၁၅ မိနစ် ဖြစ်ပါတယ်။ ပိုပြီး ထိရောက် အောင် အသားအရေ စိုပြည် လှပအောင် ကတော့ ရေချိုး ပြီးတိုင်း ဒါမှမဟုတ် ညအိပ်ရာ မဝင်ခင် အသားအရေ ကိုပြန်အားဖြည့်ပေမယ့် Body Lotion တစ်ခုခုလိမ်းပေးသင့်ပါတယ်။

မာဦး
photo copy from google search
credit to >>ရတီမဂ္ဂဇင်း

No comments:

Post a Comment