Thursday 30 January 2014

စိတ်ကျရောဂါကို မိမိဘာသာ ကိုင်တွယ် ဖြေရှင်းနည်း

by #ပိုပိုဇော်(သဘာဝအားအင်)January 30, 2014 at 7:26am

ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ကျရောဂါ အပျော့စားကို ဖြေဖျောက်နိုင်ရန်အတွက် မိမိဘာသာ ကိုင်တွယ်ဖြေရှင်းရသော နည်းလမ်းများ  အကြောင်းကို Singapore General Hospital မှ စိတ်ကျန်းမာရေး ဆရာဝန် ဒေါက်တာ Lee Huei Yen က ပြောပြထားပါသည်။


(၁) အထောက်အပံ့ကောင်း ရှာပါ

မိမိခံစားနေရမှုကို လူများ၊ အထူးသဖြင့် မိသားစုဝင်နှင့် ယုံကြည်အားထားရသော မိတ်ဆွေများအား ပြောပြခြင်းသည် စိတ်ကျရောဂါကို သက်သာစေနိုင်သည်။ တစ်ခါတစ်ရံ စိတ်ကျန်းမာရေး အထောက်အပံ့ပေးသော အဖွဲ့အစည်းများ၊ မိမိ၏ အခြေအနေကို မျှဝေခံစားပေးသော သူများနှင့် ဆက်သွယ်ပြောဆိုခြင်းသည်လည်း အထောက်အကူ ဖြစ်ပါသည်။

(၂) မိမိကိုယ်ကိုယ် ပညာပေးပါ

စိတ်ကျရောဂါ အကြောင်းကို ပိုမိုသိရှိရအောင် ရှာဖွေလေ့လာခြင်းသည် ၎င်းရောဂါနှင့် ဆက်နွှယ်မှုရှိသည့် အပြစ်စွဲစိတ်ထား၊ စိုးရိမ်ကြောက်ရွံ့မှုများ၊ နားလည်မှု လွဲမှားခြင်းများကို လျော့ကျစေနိုင်ပါသည်။ ယခုခေတ်အခါတွင် စိတ်ကျရောဂါနှင့် ပတ်သက်သော အကြောင်းများကို အင်တာနက်၊ ဆေးရုံနှင့် စိတ်ကျန်းမာရေး နှစ်သိမ့် ဆွေးနွေးသည့် ဌာနများတွင် ရှိဖွေ သိရှိနိုင်ပါသည်။

(၃) ကိုယ်၊ စိတ် ဖြေလျှော့ပါ

စိတ်ကျရောဂါသည် စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတို့နှင့် ဆက်နွှယ်မှု ရှိပါသည်။ ယောဂကျင့်စဉ် ပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ သာယာနာပျော်ဖွယ် အသံနားဆင်ခြင်းနှင့် အားလပ်ရက် ခရီးတို ထွက်ခြင်း စသည်တို့ ပြုလုပ်၍ စိတ်ဖြေလျှော့ပါ။

(၄) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ

စိတ်ကျရောဂါ ဝေဒနာရှင် အများစုသည် အားအင်ကုန်ခန်းကာ တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်မှု ခံစားနေရသည်။ လက်လေ့ကျင့်ခန်း တစ်မျိုးကို ပြုလုပ်ပါ။ စိတ်ခံစားမှု ပိုမိုကောင်းမွန် လာပါလိမ့်မည်။

(၅) အစာမှန်မှန်စားပါ

စိတ်ကျရောဂါသည် အစာ စားလိုစိတ်အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေသဖြင့် သင့်လျော်သော ပမာဏမှန်မှန် စားသောက်ရန် ကြိုးစားပါ။ အာဟာရဓာတ် ပြည့်ဝသော အစားအစာများကို မစားသောက်မိလျှင် ပင်ပန်းနွမ်းနယ်မှု ခံစားရတတ်သဖြင့် အစားအစာထဲတွင် လတ်ဆတ်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်အောင် စားသောက်ပါ။

(၆) နှစ်သက်သည့် အလုပ်လုပ်ပါ

ယခင်ဝါသနာပါသည့် အလုပ် သို့မဟုတ် စိတ်ဝင်စားသည့် အလုပ်ကို ကြိုးစားလုပ်ဆောင်ပါ။ စိတ်ဓာတ်ကျနေပါက အာရုံစူးစိုက်ရာတွင် အခက်အခဲ ရှိနိုင်သဖြင့် ထိုသို့ လုပ်ဆောင်ရန် ခက်ခဲနိုင်ပါသည်။ သို့သော် ကြိုးစားလုပ်ဆောင်ခြင်းသည် စိတ်ခံစားမှုကို ကောင်းမွန်လာစေနိုင်သည်။

ဇော်လင်းမြင့်(ဆေး-မန်း)
photo copy from google search
originally posted by Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/article-54931

No comments:

Post a Comment