Friday 23 August 2013

ပန်းဂေါ်ဖီ(အဖြူရောင်) နှင့်ကျန်းမာရေး။

by ပိုပိုဇော်(သဘာဝအားအင်)August 23, 2013 at 5:15pm


အဖြူရောင် ဟင်းသီးဟင်းရွက်မျိုးနွယ်ဝင် ပန်းဂေါ်ဖီတို့ ကို မြန်မာပြည်မှာ တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပြီး၊ ဆောင်းဦးရာသီမှာ လှိုင်လှိုင်ပေါပါတယ်။ လက်တင်ဘာသာစကားဖြစ်သော Caulis (မုန်လာထုပ်) နဲ့ flower (ပန်း) တို့ကို ပေါင်းစပ်ပြီးတော့ Cauliflower ဟု အမည်တွင်၏။ အချို့ ဒေသတွေမှာတော့ ပန်းမုန်လာ (သို့ မဟုတ်) ပန်းပွင့်လို့  ခေါ်ဝေါ်လေ့ရှိကြပါတယ်။ အရောင်အား ဖြင့် အဖြူ၊ လိမ္မော်၊ အစိမ်း၊ ခရမ်းရောင် တို့ရှိပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အဖြူရောင်ကိုသာ အများဆုံး တွေ့ရတတ်ပါတယ်။

ပန်းဂေါ်ဖီ(အဖြူ) ကို သူ့ ချည်းဘဲသက်သတ်လွတ်ကြော်စား၍လည်းကောင်း၊ ကြက်ဥ/ဘဲဥ (သို့ မဟုတ်) နှစ်သက်ရာ အသား/ ပင်လယ်စာတို ဖြင့်ရောကြော်၍လည်းကေင်း၊ ပန်းဂေါ်ဖီသနပ်၊ ပန်းဂေါ်ဖီသုပ် အဖြစ်လည်းကောင်း စားလေ့ရှိပါတယ်။ ဒါ့အပြင် စွပ်ပြုတ်၊ ချိုချဉ်ကြော်၊ ထမင်းပေါင်း၊ ခေါက်ဆွဲ/ကြာဇံကြော် တို့ မှာလည်း သူမပါရင်မပြီးချေ။

WHFoods ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ ၁၀၀ ဂရမ်ရှိသော၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက် အကူဖြစ်စေသော၊ ကယ်လိုရီ ၂၅၊ ပရိုတင်း ၁.၉၈ ဂရမ်၊ ကစီဓာတ် ၅.၂ ဂရမ်၊ အဆီဓာတ် ၀.၂ ဂရမ်၊ အမျှင် ၂.၅ ဂရမ်၊ ဗီတာမင် A ၈ မိုက်ကရိုဂရမ်၊ ၊ Beta Carotene ၉၃ မိုက်ကရိုဂရမ်၊ Lutein + Zeaxanthin ၄၂ မိုက်ကရိုဂရမ်၊ ဗီတာမင် C ၈၈.၁ မီလီဂရမ်၊ ဗီတာမင် E ၀.၀၄ မီလီဂရမ်၊ ဗီတာမင် K ၂၀.၂ မိုက်ကရိုဂရမ်၊ ဗီတာမင် B6 ၀.၂၂၂ မီလီဂရမ်၊ ဖောလိတ် ၅၇ မိုက်ကရိုဂရမ် တို့ အသီးသီး ပါရှိကြပြီး၊ ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ကိုလက်စထရောလုံးဝ မပါရှိလို့ ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက် ဖြစ်ကာ၊ နေ့ စဉ်အစားအသောက် မီနူးအဖြစ် စားသင့်ကြောင်း၊ WHFoods က ထောက်ခံထားပါတယ်။

1. ကနေဒါနိုင်ငံ ဆေးသိပ္ပံပညာရှင်များ၏ စမ်းသပ်ချက်များအရ၊ ပန်းဂေါ်ဖီ(အဖြူ) ထဲတွင်
 indole-3-carbinol ဓာတ် ပစ္စည်းတစ်မျိုး ပါရှိပေရာ၊ ထိုဓာတ်က မ-သဘာဝဟော်မုန်းများဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုသောကြောင့်၊ ရင်သား ကင်ဆာ နှင့် မ-မျိုးဥအိမ်ကင်ဆာကလာပ်စည်းများ တိုးပွားမှုကိုရပ်တန့်သွားစေနိုင်လို့ ၊ အမျိုးသမီးများ သီတင်း တစ်ပတ်လျှင် လေးကြိမ်ခန့်  ပန်းဂေါ်ဖီကို ပုံမှန်စားသုံးပေးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပန်းဂေါ်ဖီထဲ တွင် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တဲ့ အစွမ်းထက်ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ မြောက်များစွာပါဝင် သဖြင့် အစာအိမ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သည်းခြေအိတ် ကင်ဆာရောဂါများကို တားဆီးပေးနိုင်ကြောင်း နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ဖော်ပြထားပါတယ်။ တစ်နေ့ လျှင် ပန်းဂေါ်ဖီ တစ်ခွက်စာ ပုံမှန်စားသော အမျိုးသားများသည် လုံးဝ မစားသော အမျိုးသားများထက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ချေ ၅၂% လျော့ကျစေတယ်လို့  ကင်ဆာရောဂါ တိုက်ဖျက် ရေးအဖွဲ့ မှ အကြံပြုထားပါတယ်။ အမျှင်ဓာတ်အလုံအလောက်ပါရှိသဖြင့်၊ အူမကြီးကို ကောင်းစွာအလုပ်လုပ်စေသော ကြောင့်၊ အူမကြီးကင်ဆာ မှ ကာကွယ်ပေးပါတယ်။

2. Allicin ဓာတ်ပေါင်းစုပါရှိသဖြင့်၊ နှလုံးကြွက်သားများသန်မာစေကာ၊ နှလုံးသွေးကြော ပိတ်ဆို့ ခြင်းမရှိဘဲ၊ ခန္ဓာကိုယ်အနှံ့  အင်္ဂါ အစိပ်အပိုင်းများထဲသို့  သွေးများကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ဒါ့အပြင် မလိုလားအပ်သောကိုလက်စထရော တို့ ကိုလဲ ချပေးလို့  နှလုံးရောဂါနှင့်ပတ်သက်ဆက်စပ်လျက်ရှိသည့် လေဖြတ်ခြင်းကို မဖြစ်စေနိုင်ပါ။

3. အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့ တာလိုအပ်လျှက်ရှိသော ဖောလိတ်အက်ဆစ်ပမဏဟာ ၆၀၀ မိုက်ခရိုဂရမ်ခန့် ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီ့ထက်ပိုမိုလိုအပ်ပါတယ်။ ပန်းဂေါ်ဖီထဲတွင်ပါရှိသော ဗီတာမင် B (ခေါ်) ဖောလိတ်ဟာ သန္ဓေသားလောင်း၏ ဦးနှောက်ဆဲလ်များဖွံ့ ဖြိုးကြီးထွားမှုကို အားပေးသဖြင့်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန် ဆောင်ရန် အစီစဉ်ရှိသော အမျိုးသမီးများ ပန်းဂေါ်ဖီကို မဖြစ်မနေစားသုံးသင့်ပါတယ်။

4. ပန်းဂေါ်ဖီ ဟာ ဗီတာမင် C နှင့် မဂနီစီယမ်တို့ ရရှိရာအရင်းအမြစ်ဖြစ်သည့်ပြင်၊ beta-carotene နှင့်phytonutrients စသည့် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများကြွယ်ဝစွာပါရှိလို့ ၊ ခန္ဓာကိုယ်အတွက်မလိုလားအပ်သော free radical များကို သုတ်သင်ရှင်းလင်းပေးကာ၊ အရွယ်မတိုင်မှီအိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ်။ 5. ဗိုက်တာမင် K နှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ် တို့  မြင့်မားစွာပါရှိခြင်းကြောင့် ပန်းဂေါ်ဖီ ကို မှန်မှန်စားပေးခြင်းဖြင့် အဆစ်မြစ်ရောင်ရမ်းနာများ၊ လေးဘက်နာရောဂါ၊ အ၀လွန်ရောဂါ၊ ဆီးချိုရောဂါ၊ အူမကြီးအမြှေးရောင်ရမ်းခြင်း စသည့် ရောဂါများ ဖြစ်နိုင်ချေအလားအလာကို လျော့ကျစေနိုင်ပါတယ်။

6. ပန်းဂေါ်ဖီထဲတွင်ပါရှိသော purines ဓာတ်သည် ခန္ဓာကိုယ်မှယူရစ်အက်ဆစ် ထုတ်လုပ်ခြင်းကို အားမပေးသည့်အတွက် ဂေါက်ရောဂါ ကိုမဖြစ်စေပါဘူး။

7. ဗီတာမင်ဘီ ပေါများစွာပါဝင်တဲ့တွက် ဆံကေသာကိုကျန်းမာစေပါတယ်။ ဆံပင်အကျွတ်များနေသူတွေမှာ ဆံပင်ကျွတ် နှုန်းနှေးကွေးစေ ပြီး ဆံပင်ပြန်ပေါက်စေနိုင်ပါတယ်။

8. ကယ်လ်စီယမ် အရင်းအမြစ်ရရှိနိုင်သော ပန်းဂေါ်ဖီ ကို စားသုံးပေးခြင်းဖြင့် အရိုးအဆစ်သန်မာ စေပါတယ် ။

9. ပန်းဂေါ်ဖီထဲမှာ Vitamin C နှင့် selenium တို့ ပါတာကြောင့် ကိုယ်ခံစွမ်းအားကိုတိုးပွားစေလို့ ၊ ပြင်ပရောဂါများ အလွယ်တကူ မကူးစက်စေနိုင်ပါ။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိပျက်စီးနေသော တစ်ရှုးများကိုလဲ အလိုအလျောက် ပြုပြင်ထိန်းသိမ်း ပေးနိုင်ပါတယ်။

10. hiocyanates နှင့် glucosinolates တို့ ပါရှိလို့ ၊ အသည်း၏လုပ်ဆောင်ချက်များကို အထောက်အပံ့ပေးပြီး၊ အသည်းကို သန့် စင် စေပါတယ်။

11. အမျှင်ဓာတ်ကြွယ်ဝလို့ အစာချေစံနစ်ကို တိုးတက်ကောင်းမွန်စေပြီး၊ အစာအိမ်နှင့် အူများကို ကောင်းစွာအလုပ်လုပ်စေ ကာ ၀မ်းမချုပ်စေပါဘူး။

12. ပိုတက်ဆီယမ် ပါရှိလို့ သွေးပေါင်ချိန်ကျခြင်းကို ကာကွယ်ပေးပါတယ်။

13.ပန်းဂေါ်ဖီထဲမှာ ကယ်လိုရီအနဲငယ်သာပါရှိလို့  ခန္ဒာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများအတွက် အထူးသင့်တော် ပါတယ်။ သဘာဝတရားကြီးက၊ လူသားတို့ ကျန်းမာရေးအတွက် သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တို့ ကိုအဆင်သင့်ဖန်တီးပေးထားရာ၊ ၄င်းတို့  အနက် ပန်းဂေါ်ဖီ(အဖြူ) ဟာ ကုသရန်ခက်ခဲသော ကင်ဆာရောဂါဆိုးကြီးများကို ဘေးထွက်ဆိုးကျိုးမရှိ၊ ကာကွယ်ပေး နိုင်သဖြင့် ယခုလို ဆောင်းဦးရာသီမှာ လှိုင်လှိုင်ပေါသော ပန်းဂေါ်ဖီ(အဖြူ) ကို သဘာဝရဲ့ အာဟာရဖြည့်စွက်စာအဖြစ် စားသုံး ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

မှတ်ချက်။

(၁)အရေအသွေးကောင်းမွန်လတ်ဆတ်တဲ့ ပန်းဂေါ်ဖီ ကိုအရွေးမမှားစေဘို့ ၊ ဖွေးဖွေးကျစ်ကျစ်ြပီး၊ လက်ထဲတွင်ချိန်ဆကြည့်ပါက အလေးချိန်စီးသော အပွင့်ကိုသာရွေးချယ် ၀ယ်ယူပါ။ အမည်းစက်ပြောက်များခြင်း၊ သကြားမှုန်လိုမွှေးနုပါခြင်း နှင့် အ၀ါရောင် သမ်းနေခြင်း တို့ ကို ရှောင်ပါ။ မှောက်ရက်လှန်ပြီးအတွင်းမှာပိုးရှိမရှိကို သေချာကြည်ရှု စစ်ဆေးပါ။

(၂) ချက်ပြုတ်ရာတွင် အရောင်ညစ်မသွားစေရန်၊ နွားနို့ အနည်းငယ်ထည့်ပြီး ချက်ပြုတ်နိုင်ပါတယ်။

သတိပြုရန်။

ပန်းဂေါ်ဖီ ဟာ အရသာရှိပြီး ကျန်းမာစေတာ မှန်သော်လဲ၊ လေပွစေတတ်သောဟင်းသီးဟင်းရွက် မျိုးဖြစ်လို့ ၊ အစာမကျေသူများ နှင့် လေပွတတ်သူများ အလွန်အကျွံမစားသင့်ပါဘူး။ (ကျေညက်အောင် ၀ါးစားပြီး ရေများများသောက်ပေးပါက လေပွသက်သာ စေပါတယ်)

ဘာသာပြန်သူ (ပေါက်ပေါက်) 
ကိုးကား (Health Benefits of white-Cauliflower)

No comments:

Post a Comment