Thursday 8 August 2013

ကိုယ်အလေးချိန် ထိန်းနိုင်မည့် နံနက်စာ စားနည်း

by ပိုပိုဇော်(သဘာဝအားအင်)August 8, 2013 at 7:08am

အစာမစားဘဲ နေတာက ကိုယ်အလေးချိန် လျော့ကျစေတဲ့ နည်းလမ်းကောင်း မဟုတ်ပါဘူး။ အထူးသဖြင့် မနက်စာ မစားဘဲ မနေပါနဲ့။ မနက်စာကို ပုံမှန်စားတာဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး တစ်နေ့တာအတွင်း ကယ်လိုရီ လောင်ကျွမ်းမှုနှုန်းကို မြင့်တက်စေပါတယ်။ တစ်နေ့တာမှာ ပထမဆုံးစားတဲ့ အစာကြောင့် စိတ်ကျေနပ်မှု ရှိရင် နောက်ပိုင်းမှာ ကယ်လိုရီကို လျော့နည်းပြီး စားဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကယ်လိုရီ ထိန်းနိုင်မယ့် မနက်စာကို ဖော်ပြပေးလိုက် ပါတယ်။
 
အိပ်ရာနိုးပြီး တစ်နာရီ အတွင်း နံနက်စာ စားပါ။

ပုံမှန်အတိုင်း နံနက်စာစားသူတွေဟာ ကိုယ်အလေးချိန် များတာမျိုး အဖြစ်နည်း ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ အစောဆုံး စားတဲ့ အစာက အရေးကြီးပါတယ်။ အိပ်ရာနိုးပြီး တစ်နာရီအတွင်း မနက်စာကို စားတာ အကောင်းဆုံးပါ။ အစောပိုင်း မနက်စာ စားတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက် ညီမျှစေပြီး ဇီဝရုပ် ဖြစ်ပျက်မှုကို ခပ်မြန်မြန် အားကောင်းစေ ပါတယ်။ 

ပရိုတင်းဓာတ် စားပါ၊ သကြားမစားပါနှင့်။

မနက်စာမှာ ဥ အမျိုးမျိုး၊ ဒိန်ချဉ်၊ အခွံချွတ် မထားတဲ့ ကောက်နှံစာနဲ့ အခွံမာတဲ့ အစေ့အဆန်တို့လို ပရိုတင်းဓာတ် များများပါတဲ့ အစာတွေ ထည့်စားရင် ကယ်လိုရီ ပမာဏ လျော့နည်းစေပြီး စွမ်းအင်ကို များများ ရရှိစေပါတယ်။ 

အနည်းဆုံး အမျှင်ဓာတ် ရှစ်ဂရမ် မှီဝဲပါ။

ကိုယ်အလေးချိန် လျော့ကျဖို့ အဓိက သော့ချက်ဟာ ကြာကြာ ဗိုက်ပြည့်နေစေတဲ့ အစာတွေစားဖို့ ဖြစ်ပါတယ်။ ဗိုက်အလွန်အမင်း ဆာနေရင် ကယ်လိုရီများတဲ့ အစားအသောက်တွေကို စားဖြစ်စေလို့ မနက်စာမှာ အမျှင်ဓာတ်များများ ပါတဲ့ အစာတွေကို စားသင့်ပါတယ်။ သစ်သီးဖျော်ရည်မှာ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ 

ကယ်လိုရီကို အလွန်အမင်း မစားပါနှင့်။

သင့် ကိုယ်အလေးချိန်နဲ့ ကိုယ်အလေးချိန် လျှော့ချရေး ပန်းတိုင်အပေါ် မူတည်ပြီး တစ်နေ့တာမှာ ကယ်လိုရီ ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာ မှတ်ထားပါ။ ဟင်းသီးဟင်းရွက် ပါတဲ့ ဟင်းလျာတွေကို ရွေးချယ်စားသုံးပါ။
Ref>>>SweSone Media Group

No comments:

Post a Comment