Sunday 25 August 2013

ဝက်ခြံအတွက် အခြားကုထုံးများ

by ပိုပိုဇော်(သဘာဝအားအင်)August 25, 2013 at 11:29pm

အရေပြားရှိ ဆံခြည်မျှင် အိတ်တွေမှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ ဆီကြည်လို့ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့အခါ ဝက်ခြံ ဖြစ်ပေါ်လာပါတယ်။ ချွေးပေါက်တွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေက ကြာလာရင် ဝက်ခြံ အဖုအပိမ့် အပြစ်အနာအဆာတွေ ဖြစ်လာတတ်ပါတယ်။

ဝက်ခြံအတွက် အာဟာရ ကုထုံး

တချို့ အစားအသောက်တွေက အရေပြားမှာ အဆီတွေကို အလွန်အမင်း ထွက်ရှိစေတဲ့အတွက် ရှောင်သင့်ပါတယ်။ အဆီ ထွက်ရှိမှု မြင့်မားစေတဲ့ အစားအသောက်တွေက ကာဗိုဟိုက်ဒရိတ် (သကြား) နဲ့ ပြည့်ဝဆီပါတဲ့ အစာတွေ ဖြစ်ကြပါတယ်။ ဒီနေရာမှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့သူတွေမှာ ချောကလက် စားရင် ဝက်ခြံ ထွက်တတ်ပေမယ့် တချို့လူတွေမှာ နွားနို့ထဲက အဆီကြောင့် ဝက်ခြံဖု ဖြစ်စေနိုင်ပါတယ်။

ပင်လယ်စာနဲ့ အိုင်အိုဒင်းပါတဲ့ ဆားတွေလို အိုင်အိုဒင်းဓာတ်များတဲ့ အစားအသောက်တွေကိုလည်း ရှောင်သင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ဟင်းသီးဟင်းရွက်ပြုတ်၊ သစ်သီးနဲ့ ပဲအမျိုးမျိုးကို စားတာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဒါမှမဟုတ် သတ္တုဓာတ်တစ်မျိုးမျိုး ချို့တဲ့ရင်လည်း အားနည်းတဲ့ အဆင့်ကို ဖြစ်စေပြီး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်းကာ ဝက်ခြံ အဖုအပိမ့်တွေကို ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံဖြစ်နေသူ ဒါမှမဟုတ် ဝက်ခြံဖြစ် လွယ်သူတွေ အဓိက မှီဝဲသင့်တဲ့ ဖြည့်စွက်ဆေးတွေကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင်အီးတို့ ဖြစ်ကြပါတယ်။

အမေရိကန်နဲ့ ဥရောပ လေ့လာမှု အမျိုးမျိုးအရ ဇင့် (သွပ်) ဓာတ် ချို့တဲ့နေသူတွေအနေနဲ့ ဝက်ခြံနဲ့ တခြားအရေပြား အပြစ်အနာအဆာ ဖြစ်နှုန်း မြင့်မားကြောင်း တွေ့ရပါတယ်။ ဝက်ခြံရှိသူ လူနာတွေအနေနဲ့ ပုံမှန် ဇင့်(သွပ်) မှီဝဲပြီး နှစ်လအကြာမှာ ဝက်ခြံနဲ့ တခြား အဖုအပိမ့်တွေ ဖြစ်နိုင်ခြေ သိသိသာသာ လျော့နည်းမှု ရှိကြောင်း သိရပါတယ်။ ဇင့် (သွပ်) ဓာတ်ဟာ ရောင်ရမ်းမှုကို တွန်းလှန်နိုင်စွမ်းရှိပြီး အရေပြား ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ ဇင့် (သွပ်) ဓာတ် များပြားတဲ့ အစားအစာတွေက အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ကမာ စတာတွေ ဖြစ်ကြပါတယ်။

ဝက်ခြံအတွက် ဆေးဖက်ဝင် ကုထုံး

ဆေးဖက်ဝင် ကုထုံးအများစုဟာ ဝက်ခြံအဖုအပိမ့် ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။ ဆေးဖက်ဝင် အပင်တွေက ကိုယ်တွင်းစနစ်ကို သန့်စင်စေတဲ့အတွက် နောက်တစ်ကြိမ် ဝက်ခြံအဖုအပိမ့်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။  

လက်ဖက်ဆီ (Tea Tree Oil)

လက်ဖက်ဆီ ငါးရာခိုင်နှုန်းက ထုတ်ထားတဲ့ ဂျဲလ်ဟာ ဘန်ဇွိုင်းပါ အောက်ဆိုက်လိုးရှင်း ငါးရာခိုင်နှုန်းလိုပဲ ဝက်ခြံ ကင်းစင်စေတယ်လို့ သြစတြေးလျ သုတေသီတွေက ဆိုပါတယ်။ လက်ဖက်ဆီမှာ ဘက်တီးရီးယား သေစေတဲ့ အာနိသင်ရှိပြီး အလွန် အစွမ်းထက်ပါတယ်။  

အခြား ဝက်ခြံ ကုသနည်းများ

ရနံ့ကုထုံး - ချမိုမိုင်း၊ လာဗန်ဒါ စတဲ့ မရှိမဖြစ် ဆီတွေကို ကြက်သီးနွေးရေနဲ့ ဖျော်ပြီး စပရေးအနေနဲ့ ဖျန်းပက်ပေးတာကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ဝက်ခြံသက်သာစေပါတယ်။

အအေးကုထုံး - ဝက်ခြံ အဖုအပိမ့်ပေါ်ကို ရေခဲကပ်တဲ့နည်း၊ ပင်လယ်ရေ စိမ်တဲ့နည်းနဲ့ အေးမြစိုစွတ်တဲ့ ပိတ်စနဲ့ ကပ်တဲ့ နည်းတွေဟာလည်း ဝက်ခြံသက်သာစေပါတယ်။

တရားထိုင်ခြင်း - စိတ်ဖိစီးမှုနဲ့ နာ့ဗ်ကြောတင်းအားတို့ကြောင့် ဖြစ်တဲ့ ဝက်ခြံ အဖုအပိမ့်တွေဟာ တရားထိုင်တာကြောင့် သက်သာစေပါတယ်။ ဇွန်ခိုင်ဦး

(ဆေးဝါးတက္ကသိုလ်)
credit by>>>Good Health

No comments:

Post a Comment