Sunday 8 September 2013

ကြက်သွန်ဖြူ နှင့် ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်)September 9, 2013 at 12:27am

သဘာဝထဲက အာဟာရ၊ အာဟာရထဲက ကျန်းမာခြင်း

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀၀ ကျော်က အာရှတိုက် အလယ်ပိုင်းမှာပဲ ပေါက်ရောက်ခဲ့တဲ့ ကြက်သွန်ဖြူဟာ အခုဆိုရင်တော့ ကမ္ဘာ့ အသုံးတွင်ကျယ်ဆုံး ဟင်းခတ် အမွှွှေးအကြိုင်များထဲက တစ်ခုဖြစ်နေပါပြီ။ ကြက်သွန်ဖြူကို မီးဖိုချောင်သုံး အနေနဲ့ သာမက ဆေးဖက်ဝင် အပင်အနေနဲ့ အီဂျစ်လူမျိုးများက စတင်သုံးစွဲ ခဲ့တယ်လို့ သမိုင်း မှတ်တမ်းများအရ သိရပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက် အလွန်ဝင်ကြောင်း ရှေးဟောင်း မြန်မာ့ တိုင်းရင်းဆေးကျမ်း များမှာလည်း ပါရှိပါတယ်။ ၎င်းကို သိပ္ပံနည်းကျ လက်တွေ့ဓာတ်ခွဲပြီး သုတေသနများစွာ လုပ်ကြည့်တဲ့အခါမှာ အောက်ပါ အာနိသင်များ
ရှိကြောင်း တွေ့ရပါတယ်။  
(၁) မကောင်းသော ကိုလက်စထရော လျှော့ချပေးခြင်း

လေ့လာမှု အချို့အရ ကြက်သွန်ဖြူ မှန်မှန် စားသုံးပေးရင် ကိုလက်စထရော စုစုပေါင်းပမာဏ (Total Ch***sterol) ကို ကျစေသလို ဆိုးကျိုးများစွာ ပေးနိုင်မယ့် ထရွိုင်ဂလစ်စရွိုက် (Triglyceride) ကိုလက်စထရော အမျိုးအစားကို စားသုံးမှု အနည်းအများ အလိုက် ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရပါတယ်။ ဒါဟာ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်လေဖျန်း ရောဂါများ၊ ကင်ဆာရောဂါများ စတဲ့ ရောဂါ အတော်များများကို သွယ်ဝိုက်ကာကွယ် တားဆီးပေးရာ ရောက်ပါတယ်။

(၂) သွေးကြောမာခဲပိတ် ရောဂါကို ကာကွယ်ပေးခြင်း

အသက်အရွယ် ရလာခြင်း၊ သွေးတိုးရောဂါကို စနစ်တကျ ကုသမှုမရှိခြင်း၊ သွေးတိုးရောဂါ ရှိနေမှန်း မသိခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် သွေးထဲက အဆီတွေ သွေးကြောနံရံမှာ အနည်ကျလာကာ သွေးကြောနံရံ ပိတ်လာခြင်း ရောဂါ (Arthrosclerosis) ကို ကြက်သွန်ဖြူက တားဆီးပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူထဲမှာ ပါဝင်တဲ့ Ajoene ဒြပ်ပေါင်းဟာ သွေးခဲဖြစ်ပေါ် ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။

(၃) သွေးတိုးရောဂါကို အထောက်အကူပြုခြင်း

ကြက်သွန်ဖြူဟာ သွေးကြောတွေ ကျုံ့ပြီး သွေးပေါင်တက်စေတဲ့ Angiotensin II ဆိုတဲ့ အဲန်ဇိုင်းရဲ့ အာနိသင်ကို ပိတ်ဆို့ပြီး သွေးပေါင် တက်နေခြင်းကို ထိန်းညှိလျှော့ချနိုင်စွမ်း ရှိသလို ဆာလဖာ (ကန့်) ပါဝင်သော Polysulfides ဒြပ်ပေါင်းများက သွေးကြောများကို ကျယ်စေကာ သွေးပေါင်ကို သဘာဝအတိုင်း ချပေးနိုင်တဲ့ သတ္တိရှိတာ တွေ့ရပါတယ်။ ဒါဟာ ACEI အုပ်စုဝင် သွေးတိုးကျဆေးများ (ဥပမာ- Enam, BQL- 5 စသည်) တို့လို အာနိသင် အပျော့စားရှိတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် သွေးကျဆေးအဖြစ် သုံးစွဲနိုင်လောက်တဲ့ အထိတော့ ချက်ချင်းလက်ငင်း အစွမ်းမထက်ပါဘူး။ ပုံမှန် စားသုံးပေးသွားရင် သွေးပေါင်ချိန်ကို ၁ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျစေလို့ သွေးတိုးရောဂါ ရှိသူများ အထောက်အကူ အနေနဲ့တော့ စားသုံးနိုင်ပါတယ်။

(၄) ဓာတ်တိုးဆန့်ကျင်သတ္တိနှင့် နှလုံးသွေးကြော ကာကွယ်သော သတ္တိရှိခြင်း

ဗိုက်တာမင်စီဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် အမျိုးအစားဖြစ်ပြီး လူ့ခန္ဓာကိုယ် ရေဓာတ်ရှိတဲ့ နေရာတိုင်းမှာ ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ အိုမင်းခြင်းနဲ့ ကင်ဆာဆဲလ်များ ပြောင်းသွားခြင်းကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဗိုက်တာမင်စီနဲ့ ဆယ်လီနီယမ် (Selenium) သတ္တုဓာတ်တို့လိုမျိုး အားကောင်းတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ (Powerful Antioxidants) ပါဝင်တဲ့ သဘာဝ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ (ဆယ်လီနီယမ်ဟာ ဗိုက်တာမင်အီးနဲ့ ဓာတ်တိုးဆန့်ကျင် အဲန်ဇိုင်းများရဲ့ လုပ်ငန်းဆောင်တာမှာ မရှိမဖြစ် လိုအပ်တဲ့ တွဲဖက်ပစ္စည်း ဖြစ်ပါတယ်)။ ဗိုက်တာမင်စီကြောင့် ကြက်သွန်ဖြူဟာ သွေးထဲမှာ LDL ခေါ် မကောင်းတဲ့ ကိုလက်စထရောတွေ ဓာတ်တိုးပြီး သွေးကြောနံရံမှာ အနည်ကျကာ သွေးကြောကျဉ်းရောဂါ (Arthrosclerosis) ဖြစ်လာခြင်းကို ကာကွယ်နိုင်သလို ဗိုက်တာမင် B6 ပါဝင်ခြင်းကြောင့် သွေးကြောနဲ့ နှလုံးနံရံတွေကို ပျက်စီးစေတဲ့ ဟိုမိုစစ်စတင်း (H***cysteine) ခေါ် ဒြပ်ပေါင်းပမာဏကို လျှော့ချပေးခြင်း၊ မန်ဂနိ (Manganese) သတ္တုဓာတ် ကြွယ်ဝခြင်းကြောင့် ၎င်းချို့တဲ့ရင် ဖြစ်လာတတ်တဲ့ ကောင်းသော ကိုလက်စထရော HDL ပမာဏ ကျဆင်းခြင်းကို ကာကွယ်ခြင်းဖြင့်လည်း နှလုံးသွေးကြောများ ကျန်းမာရေးကို အဘက်ဘက်က အထောက်အကူ ပြုလျက် ရှိပါတယ်။  

(၅) ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ခြင်း

ကြက်သွန်ဖြူရဲ့ အဓိက ပါဝင်ဖက် ပစ္စည်းများဖြစ်တဲ့ Diallyl Slufide,Thiacremonone တို့ဟာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ် ကြွက်သားတွေ ရောင်ရမ်းနာကျင်ခြင်း၊ ဓာတ်မတည့်ခြင်း (Allergic Reaction) တွေကို လျော့ကျစေဖို့ အထောက်အကူ ပြုသလို ဓာတ်မတည့် လေပြွန်ရောင်ရမ်းခြင်း ဖြစ်တဲ့ ပန်းနာရင်ကျပ် ဝေဒနာများအတွက် သိသိသာသာ အထောက်အကူ ဖြစ်ကြောင်း သုတေသန ပြုလုပ်တွေ့ရှိ ရပါတယ်။

(၆) ရောဂါပိုးများကို နိုင်နင်းခြင်း

ကြက်သွန်ဖြူထဲမှာ ပါတဲ့ Ajoene ဒြပ်ပေါင်းနဲ့ အခြား ဆာလဖာ ပါဝင်သော ဒြပ်ပေါင်းများကြောင့် မှက္ခရုရောဂါနဲ့ ယားနာအချို့ကို ဖြစ်စေသော Candida albicans မှိုပိုးများကို ကာကွယ်နိုင်ကြောင်း၊ အလွယ်နည်းအားဖြင့် ယားနာတွေကို ကြက်သွန်ဖြူ ထုချေထားတဲ့ အရည်နဲ့ ပွတ်လိမ်းကာ ကုသလို့ရပြီး ဆက်မပျံ့အောင်လည်း ကာကွယ်နိုင်ကြောင်း၊ အပူလောင်၊ မီးလောင်ဒဏ်ရာတွေ ရရှိထားတဲ့ အရေပြားကို အင်မတန် အန္တရာယ်ကြီးတဲ့၊ မီးလောင်ဒဏ်ရာနဲ့ မသေဘဲ ငန်းဖမ်း (Septicemia) လို့ သေစေနိုင်တဲ့ Pseudomonas aeruginosa ပိုး ဝင်ရောက် ပေါက်ပွားခြင်းကို တားဆီးပေးနိုင်ကြောင်း လက်တွေ့စမ်းသပ် တွေ့ရှိရပါတယ်။ (ကြက်သွန်ဖြူကတော့ လုံးဝ သန့်နေစေဖို့ လိုပါတယ်) ဒါ့အပြင်အစာအိမ် အူလမ်းကြောင်း အနာတွေကို ဖြစ်စေတဲ့ H.pylori ပိုးနဲ့ အခြားသောပိုးများ၊ ဗိုင်းရပ်စ်များ အပေါ်လည်း နိုင်နင်းမှု ရှိတယ်လို့ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ကြက်သွန်ဖြူကနေ ပဋိဇီဝဆေး၊ ဗိုင်းရပ်စ်သတ်ဆေး ပေါ်လာနိုင်ကြောင်း တင်ပြတာဖြစ်ပြီး တကယ် သေရေးရှင်ရေး အရေးကြီးနေတဲ့ လူနာများမှာ လိုအပ်တဲ့ဒြပ်ပေါင်း အနှစ်တွေစုပြီး ထုတ်ထားတဲ့ ဆေးကဲ့သို့ သဘာဝဓာတ်စာများက မစွမ်းနိုင်ကြောင်း၊ အထောက်အကူသာ ဖြစ်စေနိုင်ကြောင်း သတိချပ်စေ လိုပါတယ်။ (၇)

ကင်ဆာရောဂါများ ကာကွယ်ပေးခြင်း

ကင်ဆာရောဂါ ကင်းဝေဖို့ အဓိက အချက်တစ်ချက် အနေနဲ့ ခန္ဓာကိုယ်က ဆဲလ်တွေ အစီအစဉ်တကျ သေဆုံးဖယ်ရှားခြင်း (Apoptosis) ဖြစ်စဉ် သဘာဝအတိုင်း မှန်နေဖို့ လိုပါတယ်။ ဒီဖြစ်စဉ်မှာ အဓိကပါဝင်တဲ့ ကိုယ်တွင်း ဓာတုပစ္စည်းများကို ကြက်သွန်ဖြူရဲ့ ဒြပ်ပေါင်းတွေက ကူညီနှိုးဆော် ပေးတဲ့အတွက် ကင်ဆာရောဂါကို ထိထိရောက်ရောက် ကာကွယ်ရာ ရောက်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ တစ်ချက်ကတော့ အပူချိန်မြင့်မြင့် ကင်ထားတဲ့၊ ချက်ထားတဲ့ အသားတွေမှာ Heterocyclic Amines (HCAs) ခေါ် ဓာတုပစ္စည်းတွေ ထွက်ပါတယ်။ HCAs တွေကနေ ကိုယ်ထဲမှာ DNA ကို ဖျက်ဆီးနိုင်သော ဒြပ်ပေါင်းများ အဖြစ် ပြောင်းလဲကာ ကင်ဆာ ဖြစ်စေပါတယ်။ ကြက်သွန်ဖြူက ဒီဖြစ်စဉ်ကို အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ တားပေးနိုင်တာ တွေ့ရလို့ အသားကင်စားရင် ကြက်သွန်ဖြူ ထည့်စားသင့်ပါတယ်။ (၈)

သံဓာတ်ဇီဝ ဖြစ်ပျက်မှုကို ကောင်းမွန်စေခြင်း

ခန္ဓာကိုယ် သွေးနီဆဲလ်များရဲ့ အဓိက ပါဝင်ဖက်ဖြစ်ပြီး အသက်ရှင်ရေးအတွက် မရှိမဖြစ် သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ရဲ့ ဇီဝဖြစ်ပျက်မှု (Iron Metabolism) မှာ အရေးကြီးသော် ferroportin ထွက်ဖို့ အားပေးပြီး ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်များ မျှတညီညွတ်ဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။ (၉)

ကိုယ်ခံအားကို ကောင်းမွန်စေခြင်း

ကြက်သွန်ဖြူဟာ ကိုယ်ခံအားစနစ်ကို အထူး အကျိုးပြုပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်ဥ သုံးဥ စားသွားရုံနဲ့ အအေးမိရောဂါ ဖြစ်ပွားနှုန်း နည်းပါးသွားကြောင်း သုတေသနများအရ အတည်ပြုနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

ကြက်သွန်ဖြူရဲ့ သိသာထင်ရှားတဲ့ ပြဿနာကတော့ ကြက်သွန်ဖြူနံ့ နံခြင်း ဖြစ်ပါတယ်။ စားထားထားချင်း ပါးစပ်က နံသလို ကြက်သွန်ဖြူကို စွဲမြဲစွာ မှီဝဲစားသုံးသူများရဲ့ ချွေးနံ့ဟာလည်း စူးရှလာတတ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ ကျန်းမာရေး အာနိသင်တွေကို ဒီလို အနံ့မထွက်ဘဲ ရယူလို့ရတဲ့ နည်းလမ်း မရှိတော့ဘူးလားလို့ မေးရင်တော့ ရှိပါတယ်။ အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကိုပဲ ရွေးဖယ်ထားတဲ့ Deodorized Garlic Extract ပါဝင်တဲ့ GNC Women’s Ultra Mega ခေါ် ဖြည့်စွက်အားဆေး ဈေးကွက်ထဲမှာ ရှိနေပါပြီ။ ဒါကတော့ အစွမ်းထက် ဆေးပင်များစွာ ပါဝင်တဲ့ အမျိုးသမီး ဖြည့်စွက်စာသာ ဖြစ်လို့ အမျိုးသားတွေက Deodorized Garlic လိုချင်ရင် အခြားဆေး ရှာနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး နောက်တစ်ခုကတော့ ကြက်သွန်ဖြူ များများစားရင် ရင်ပူခြင်း၊ ဝမ်းဗိုက် မအီမသာဖြစ်ခြင်းတို့ ခံစားရတာပါပဲ။

By The Voice Weekly

No comments:

Post a Comment