Wednesday 18 September 2013

မွေးကျွတ်နာ(သို့) အနာစိမ်းနာအတွက် ကာကွယ်ခြင်းနှင့်ကုသခြင်း

by ပိုပိုဇော်(သဘာဝအားအင်)September 18, 2013 at 5:19pm

မွေးကျွတ်နာကို အင်္ဂလိပ်လို boil လို့ခေါ်ပါတယ်။ ဆေးအခေါ်အရ furuncleလို့လည်း ခေါ်နိုင်သေးတယ်။မြန်မာလို အနာစိမ်းလို့ တချို့က ဘာသာပြန်ကြတယ်။ Staphylococcus aureusလို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် အဓိကဖြစ်စေပါတယ်။ ကူးစက်မြန်တယ်။ အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းမှုအားနည်းသူတွေမှာ အဓိကဖြစ်တယ်။ လတ်တလော ခုခံအားကျဆင်းမယ်လို့ ယေဘုယျသိရှိနိုင်တယ်။

folliculitisမွေးညှင်းပေါက် ပိုးဝင်တာလည်း တမျိုးရှိသေးတယ်။ ပိုးဝင်တဲ့နေရာမှာ ပြည်ဖုသေးသေးလေးတွေ တစ်လုံးစ၊နှစ်လုံးစ တွေ့ရှိနိုင်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မွေးကျွတ်နာဆိုတာ deep folliculitis မျိုးဖြစ်လို့ မွေးညင်းနုပိုးဝင်ရုံသာမက အဆီဂလင်းဆိုတာ ပါလာတယ်။ရိုးရိုးfolliculitisထက် နေရာပိုကျယ်ပြန့်လာတဲ့ သဘောရှိတယ်။အာရုံကြောဆိုတာလည်းပါလာလို့ နာကျင်မှုပါ ပိုလာတယ်။ ထိမိကိုင်မိရင် အလွန်နာတယ်။ ကနဦးအဆင့်မှာ ခပ်ရဲရဲအနီဖုလေး ဖောင်းထွက်တာ မြင်လာရတယ်။ နှစ်ရက်အတွင်း ပြည်ဖုလေး ဖြစ်လာတယ်။မွေးကျွတ်နာဆိုတာ မြင်ရုံနဲ့ သိနိုင်တယ်။ ပြည်အိတ်အလယ်မှာ ခပ်ဝါဝါ၊ဖြူဖြူအရောင်မျိုး တွေ့ရတယ်။ သိပ်မကြာခင် သူ့ဘာသာပေါက်သွားတယ်။ ပေါက်တဲ့အခါ ထွက်လာတဲ့ ပြည်က တခြားနေရာတွေ ပျံ့နှံ့နိုင်တယ်။

ဝက်ခြံဖြစ်တာနဲ့ မတူတာတခုက ဒီလိုအနာမျိုးက ကူးစက်လွယ်တယ်။ နေရာတခုတင်မက တခြားနေရာတွေပါ ပျံ့နှံ့လွယ်တယ်။ လူနာအချို့ ဆေးခန်းလာပြတဲ့အချိန် ပြည်ဖုလေးတွေကို လက်နဲ့ ဖောက်ပြီးဖြစ်နေတတ်တယ်။ တချို့က ကိုယ့်ဘာသာ ဖောက်လို့ ပြည်ပေါက်တဲ့အကြောင်း ကိုပဲ ဝမ်းသာအားရပြောကြတယ်။သူတို့သတိမမူမိတဲ့အချက်က ကိုယ့်ဘာသာပြည်ဖောက်လိုက်လို့ တခြားနေရာတွေမှာ အလားတူပြည်ဖုတွေ ပိုမိုပျံနှံ့သွားတယ်ဆိုတာကိုပါ။ တစ်ခုပေါက်ရင် အခြားနေရာတွေမှာ အလားတူပြည်ဖုတွေ ထပ်ပေါက်ကြတယ်။ အများစုက ပြည်တည်နာ အနည်းဆုံးနှစ်လုံးသုံးလုံးလောက်ဖြစ်မှ၊မခံမရပ်နိုင်အောင်ကိုက်မှ ဆေးခန်းရောက်လာကြတယ်။

အနာပဆုပ်(carbuncle) အနာပဆုပ်ဆိုတာ အနာစိမ်း(သို့)မွေးကျွတ်နာတွေ စုဖြစ်တဲ့သဘောမျိုးပါ။ အနာစိမ်းတွေ အဆုပ်လိုက်စုပြီး ဖြစ်လို့ အနာပဆုပ် လို့ခေါ်ပါတယ်။အင်္ဂလိပ်လို carbuncleလို့ ရေးပါတယ်။ လက်တင်စကားအရဆိုရင် "အနီရောင် နတ်သွေးကျောက်"လို့ အဓိပ္ပါယ် ရပါတယ်။မွေးကျွတ်နာထက် ဖြစ်တဲ့နေရာပိုကျယ်လာသလို အချို့က အဆီလွှာ(subcutaneous layer)ထိ ရောက်တတ်ကြလို့ အနာကပိုနက်လာတယ်။ သာမန်မွေးကျွတ်နာဆိုတာထက် ပိုဆိုးလာတဲ့ သဘောရှိတယ်။အနာအရွယ်အစားက ၁-၄လက်မထိ ရှိလာနိုင်တယ်။ဖြစ်စမှာ အနီဖုလုံးသေးလေးတွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ ကြီးလာတယ်ဆိုတာက ပိုးဝင်တဲ့အနာက နီးစပ်ရာ အရေပြားကိုကူးစက်လာပြီး ကျယ်ပြန့်လာတဲ့ သဘောမျိုးဖြစ်ပါတယ်။ အနားသတ်မျက်နှာပြင် ရောင်လာ၊ရဲလာသလို ပူလာတယ်။ ပြည်တည်နာတွေစုပြီး အဆုပ်လိုက်ဖြစ်လာတယ်။တဆစ်ဆစ်ကိုက်လာတယ်။ ညအိပ်မရတော့ဘူး။ ပိုးဆိုးလာရင် အပြင်းဖျားပြီး ချမ်းတာ၊ဂလင်းတွေရောင်တာ ဖြစ်လာမယ်။ ဒီလိုဖြစ်လာရင် သေချာကုသဖို့ လိုလာတယ်။

ဘက်တီးရီးယားပိုးမှ ပြည်တည်နာသို့ မွေးကျွတ်နာ၊ ပြည်တည်နာတွေကို အဓိကဖြစ်စေတာက staphylococcus aureusခေါ်တဲ့ ဘက်တီးရီးယားပါ။ အခြားပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လူတယောက်ရဲ့ အရေပြားမှာ ပုံမှန်အားဖြင့်ကို ဒီလိုပိုးမွှားတွေရှိတတ်တယ်။ အထူးသဖြင့် နှာခေါင်းမှာ ရှိတဲ့မြောင်းတွေမှာ ခိုအောင်းနေတတ်တယ်။သာမန် အခြစ်ရာ၊အစင်းရာလေးတစ်ခုကတဆင့် ပိုးမွှားတွေဝင်လာနိုင်တယ်။ ဝင်လာတဲ့ပိုးမွှားတွေဟာ မွေးညင်းပေါက်၊အဆီအိတ်စတဲ့နေရာတွေမှာ ပိတ်မိနေတတ်တယ်။ ဝင်လာတဲ့ပိုးကို ခန္ဓာကိုယ်ရဲ့ခုခံအားက တိုက်ခိုက်တဲ့အခါ ရောင်ရမ်းပြီးရဲလာတယ်။ ခုခံအားစနစ်မှာ ဘက်တီးရီးယားကို အဓိကတိုက်ဖျက်တာက သွေးဖြူဥပါ။ ပိုးဝင်တဲ့နေရာမှာ ဘက်တီးရီးယား၊ သွေးဖြူဥ၊ပရိုတင်း၊ ဆဲလ်သေစတာတွေ စုပေါင်းပြီး ပြည်ဆိုတဲ့အရည် ဖြစ်လာတယ်။ ပြည်တည်နာအများစုဟာ ပြည်ပေါက်တဲ့အခါ ပျောက်ကင်းသွားကြတယ်။ ယေဘုယျအားဖြင့် နှစ်ပတ်အတွင်း သက်သာတတ်ကြတယ်။

မွေးကျွတ်နာဖြစ်လာရင် ဘာတွေလုပ်သင့်လဲ။ -အနာပေါက်မြန်အောင် ရေနွေးဝတ် ကပ်ပေးသင့်တယ်။ ဆားခပ်ထားတဲ့ ရေနွေးထဲကို သန့်စင်တဲ့ အဝတ်စတခုစိမ်ပါ။ထို့နောက် အနာပေါ်ကို အဝတ်ခေါက်ပြီး တင်ပေးသင့်တယ်။ တနေ့ သုံးကြိမ် တခါကပ် ၁၅မိနစ်ကြာအောင် ကပ်ပေးသင့်တယ်။
-ပြည်ပေါက်သွားတဲ့အခါ သန့်ရှင်းရေးက အရေးကြီးပါတယ်။
-ပေါက်နေတဲ့အနာကို ရေနွေးဝတ်နဲ့ တစ်နေ့ နှစ်ကြိမ် သန့်စင်ပါ။
-အနာကို ခြောက်သွေ့သန့်ရှင်းတဲ့ ပိတ်စတခုခုနဲ့ ဖုံးအုပ်ပါ။
-အနာ မကိုင်မီနဲ့ ကိုင်ပြီးနောက် ရေဆေးပါ။
-ပတ်ဝန်းကျင် လေနဲ့ထိတွေ့စေတာက အနာကျက်တာ မြန်လာစေတယ်။
-အနာကိုက်ခဲလာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး သောက်ပေးနိုင်တယ်။
-လိုအပ်လျှင် ပဋိဇီဝသောက်ဆေး၊လိမ်းဆေး တမျိုးမျိုး လိမ်းပေးပါ။

ပဋိဇီဝဆေး ရွေးချယ်ရာဝယ်

ဖြစ်တဲ့အနာက လက်ဆိပ်တက်ပြီး ရင်းလာတဲ့အခါ ပဋိဇီဝ ပိုးသတ်ဆေးမျိုး လိုလာတတ်တယ်။ အနာပဆုပ်ဖြစ်ရင်တော့ သေချာကုသပေးမှ ပျောက်ကင်းကြတယ်။ ဆေးပေးတဲ့အခါ Staphylococcus aureusကို နိုင်တဲ့ပဋိဇီဝပိုးသတ်ဆေးမျိုး ရွေးချယ်ပေးရပါတယ်။ staphylococcus ပိုးမျိုးက ကူးစက်လွယ်သလို ဆေးယဉ်ပါးတာ မြန်လို့ သတိထားရတယ်။ flucloxacillin၊ dicloxacillin၊cephalexin၊cefaclor စတဲ့ပိုးသတ်ဆေး တမျိုးမျိုး သောက်ပေးနိုင်တယ်။ ပင်နယ်စလင်မတဲ့သူတွေ erythromycin၊clarithromycin စတဲ့ဆေးမျိုးပြောင်းလဲ သုံးစွဲနိုင်ပါတယ်။သောက်ဆေးပေးတဲ့အခါ အနည်းဆုံး တစ်ပတ် ပေးရတယ်။ တချို့က mupirocin၊fusidic acidစတဲ့ လိမ်းဆေးမျိုး သုံးစွဲကြတယ်။ လိမ်ဆေးပေးတဲ့အခါ တနေ့ နှစ်ကြိမ်၊ ငါးရက်ပြည့်အောင် လိမ်းပေးခိုင်းတယ်။ အနာက ပိုဆိုးလာရင် ဆဲလ်လူလိုက်တစ်(cellulitis)ဆိုတာ ဖြစ်လာတယ်။ Augmentinလို ပိုပြင်းတဲ့ဆေးမျိုး လိုလာတတ်ပါတယ်။ မကုပဲထားရင် နောက်ဆက်တွဲတွေ ဝင်လာနိုင်တယ်။ နှလုံး၊အဆုတ်၊ကျောက်ကပ်၊အရိုး၊ဦးနှောက် စတဲ့နေရာတွေကို ပိုးဝင်ပြီး ဒုက္ခပေးလာနိုင်တယ်။ ထပ်ဆိုးလာရင် သွေးဆိပ်တက်ပြီး ရှော့ခ်ဝင်တာမျိုးထိ ဖြစ်လာတတ်တယ်။ အချိန်မီ ဆေးရုံတက်ကုသမှုမရှိရင် အသက်အန္တရာယ်ပါ စိုးရိမ်လာရတယ်။

ခွဲစိတ်ခြင်းနဲ့ကာကွယ်ခြင်း

ပြည်ဆိုတာမျိုးကဖြစ်လာရင် အပြင်ထွက်သွားမှ သက်သာတတ်တယ်။ မထွက်ရင် ပြည်ကိုခွဲစိတ်ပြီး ထုတ်ပစ်ရတယ်။ Incision and drainage ဓားရာပေးပြီး ပြည်ပုပ်တွေ အပြင်ထွက်အောင် လုပ်ပေးရတယ်။ အနာကြီးရင် ထုံဆေးပေးပြီး ခွဲရတယ်။ ခွဲတဲ့အခါ ရောဂါပိုးသန့်စင်ဖို့ အထူးလိုအပ်ပါတယ်။ ခွဲစိတ်ပြီးနောက် ဖြစ်တဲ့အနာကို သေချာသန့်စင်ပေးရတယ်။ အနာကြီးရင် အမာရွတ်ပါ ကျန်နေတတ်တယ်။ အနာမကြာခဏပြန်ဖြစ်တတ်သူတွေမှာ ကာကွယ်ရေးက လိုအပ်တယ်။ တကိုယ်ရေသန့်ရှင်းရေး အထူးအလေးပေးသင့်တယ်။ လက်ကိုစင်ကြယ်အောင် ဆေးပေးသင့်တယ်။ ပိုးသတ်ဆပ်ပြာမျိုး သုံးပေးရတယ်။ လိုအပ်ရင် clindamycin 150mg တနေ့ တကြိမ် ကာကွယ်ဖို့ သောက်ခိုင်းတယ်။ staphylococcus aureusပိုးတွေဟာ ဆေးယဉ်ပါးလွယ်တယ်။ ဆေးရုံမှာဖြစ်ရင် ၃၀ရာခိုင်နှုန်းက MRSAဆေးမတိုးတဲ့ ပိုးမျိုးဖြစ်နိုင်တယ်။ အနာကထွက်တဲ့ပြည်ကို ပိုးမွေးပြီး ဆေးတိုး၊မတိုး စမ်းကြည့်ရတယ်။အများအားဖြင့် vancomycin လိုပိုးသတ်ဆေးကို သွေးကြောက တဆင့်ထိုးပေးရတယ်။

ပြည်တည်နာအတွက် အိမ်တွင်းကုထုံး
-ရှာလကာရည်ကို ရေနှင့် ဆတူရော၍ အနာပေါ်လောင်းထည့်ပါ။ အနာထဲကပိုးတွေကို သန့်စင်စေတယ်။
-ကြက်သွန်နီ၊ကြက်သွန်ဖြူ ညက်အောင်ထောင်း၍ အနာဘေးပတ်လည်တွင် အုံပေးပါ။ နှစ်မျိုးလုံးက ပိုးသေစေတဲ့ အာနိသင်ရှိပါတယ်။
-အာလူးကို ခပ်ပါးပါး အနေတော်ဖြစ်အောင် လှီး၍ အနာပေါ်တင်ပေးပါ။အာလူးက ကျန်နေတဲ့ပြည်တွေ အပြင်ကိုထွက်စေမယ်။
-အနာကို လုံအောင်ပတ်တီးနဲ့ သေချာကျပ်ဆီးပေးရတယ်။
-၁၉ရာစုနည်းတစ်ခုက ကြက်ဥပြုတ် အဖြူအကာကို အနာပေါ်တင်ပြီး ကျပ်စီးခိုင်းတယ်။

လိုက်နာရှောင်ကြဉ်သင့်သည့် အချက်များ

-အနာကို လက်နဲ့မကိုင်မိအောင် သတိထားပါ။
-မိမိဘာသာ ပြည်ညှစ်တာ၊ဖောက်တာမျိုး မလုပ်သင့်ဘူး။
-အသုံးအဆောင်တွေကို ရေနွေးနဲ့သေချာဆေးဖို့လိုအပ်ပါတယ်။
-အဝတ်အစား မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်သင့်တယ်။
-အတူနေအိမ်သားရှိရင် သတိထားသင့်တယ်။
-မကြာခဏပြန်ဖြစ်တတ်သူတွေဟာ သန့်ရှင်းမှုအားနည်းသူတွေ ဖြစ်ကြတယ်။
-တကိုယ်ရေသန့်ရှင်းမှု အထူးဂရုစိုက်သင့်တယ်။
-မျက်နှာမှာ ဖြစ်ရင်၊ကျောရိုးဆစ်နားတဝိုက်ဖြစ်ရင် ပိုသတိထားရတယ်။
-ဆီးချိုရောဂါ၊အဝလွန်တာ၊စတီးရွိုက်ဆေးသောက်တာမျိုးက ခုခံအားကျဆင်းစေတယ်။
-ဗီတာမင် အေ၊စီ၊အီး၊ဇင့်၊ ဆီလီနီယမ် စတဲ့ဓာတ်တွေက ခုခံအားတက်စေမယ်။
-အနာဖြစ်နေစဉ် အစိမ်းရောင်အရွက်၊သစ်သီးဝလံ စားပေးသင့်တယ်။
-ကော်ဖီ၊သကြား၊ပြုပြင်ထားတဲ့ အစားအစာ ရှောင်ပေးသင့်တယ်။
-ညှော်နံ့တွေရှောင်၊ အနာကိုစင်အောင်ထားတာ အကောင်းဆုံးပါ။

ဒေါက်တာ အေးမင်းထူး
credit to >>>Health Care Journal(28.6.13)

No comments:

Post a Comment